တေဇ/People’s Spring
ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဗိုလ်မှူးဗထူးလမ်းမပေါ်တွင် ဖေဖော်ဝါရီ ၆ရက် ညက ယာဉ်တိုက်မှုနှစ်ခုဖြစ်ခဲ့ပြီး လူ သုံးဦးသေဆုံးခဲ့ကြောင်း ယင်းနေရာများကိုသွားရောက်ကူညီခဲ့သည့် ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းက အသိပေးထားသည်။
ည ၈နာရီခန့်တွင် ဗိုလ်မှူးဗထူး နှင့်မဟာဗန္ဓုလ လမ်းဆုံတွင် ကားတစ်စီးက ဆိုင်ကယ်တိုက်ကာ လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးကိုပါ ထပ်မံတိုက်သွားကြောင်း သတင်းပေးပို့သောကြောင့် သွားရောက်ကူညီပေးခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါယာဉ်တိုက်မှုအတွင်း တိုက်သည့်ကားမှာ ထွက်ပြေးသွားပြီး သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရရှိသူနှစ်ဦးရှိခဲ့သောကြောင့် ဆေးရုံသို့တင်ပို့ခဲ့ရာ ဒဏ်ရာရရှိသူနှစ်ဦးအနက် တစ်ဦးမှာ ဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။

Public Service Announcement
“ညီ၀မ်းကွဲလေးကိုတိုက်သွားတဲ့ကားပါ ပွဲချင်းပြီးဆုံးသွားလို့ပါ။ နံပါတ်ပြားကတော့ပြုတ်ကျကျန်ခဲ့ပါတယ်။ သိသမျှ app တွေကလဲ update မဖြစ်တော့ ညီကိုတို့ ကူညီပေးနိုင်ရင် ကူညီပေးကြပါဦးခင်ဗျာ။ ကားနံပါတ်ကတော့ NPW 4S-6492 BYD Tang ပါ။” ဟု သေဆုံးသူတစ်ဦး၏ မိသားစုဝင်က ကားဂရုတစ်ခုတွင် အကူအညီတောင်းထားသည်။
ယင်းကားနံပါတ်နှင့် အမျိုးအစားသည် ၁၈မိုင်တောရ ဆရာတော်၏ကားဖြစ်ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ဖော်ပြထားသည်။
ထို့အပြင် ည၁၁ နာရီခွဲခန့်တွင် ဗိုလ်မှူးဗထူးလမ်းမပေါ် ဖြိုးစံပယ်မှတ်တိုင် အနီး၌ လမ်းလျှောက်လာသည့် အမျိုးသားကို အငှားယာဉ်တစ်စီးက တိုက်မိကာ ကားအောက်သို့ရောက်သွားကြောင်း သတင်းရသဖြင့် သွားရောက်ကူညီခဲ့သည်ဟု ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားသည်။
ယင်းနေရာသို့ရောက်ရှိချိန်တွင် ကားအောက်၌ ပိနေသည့် အမျိုးသားသည် အသက်ရှိနေသေးသောကြောင့် ကားကိုဖယ်ကာ ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း လမ်း၌သေဆုံးသွားကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။
