ဟန်နွေ/People’s Spring
တော်လှန်ရေးရဲဘော်အသစ်များ ဖိတ်ခေါ်ကြောင်း ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကချင်ဒေသ)-KPDF တပ်ရင်းက ဖိတ်ခေါ်လိုက်ပြီး ရဲဘော်သစ်များအတွက် သတ်မှတ်ချက်များကို ဖော်ပြ အသိပေးခဲ့သည်။
“လူငယ်များအနေနဲ့ အခုလို SNA/စကစ ဘက်မှ စစ်သားစုဆောင်းရေးတွေ မတရားဆွဲနေတဲ့အချိန်မှာ အမှန်တရား ဓမ္မဘက် ရပ်တည်နေတဲ့ မိမိတို့ဟိုပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အမြန်ဆုံးလာရောက်ပူးပေါင်းဖို့ နွေးထွေးစွာ ကြိုဆိုပါတယ်”ဟု ဟိုပင် KPDF တပ်ရင်းရုံးဦးစီးမှူး ရဲဘော်ဖွေးစိန်က ပြောသည်။ SNA ရှမ်းနီတပ်ဖွဲ့သည် စစ်ကောင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည့် တပ်ဖွဲ့ဖြစ်သည်။
ရဲဘော်များအတွက် သတ်မှတ်ချက် ၉ချက်ကို ဖေဖော်ဝါရီ ၄ရက်တွင် ကြေညာချက် ထုတ်ပြန် ဖော်ပြထားရာ အသက်(၁၈) ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း၊ကျန်းမာရေးကောင်းမွန်ကာ ပင်ပန်းဆင်းရဲမှုဒဏ်ကိုခံနိုင်ရမည် ဖြစ်ကြောင်းထုတ်ပြန်ထားပြီး တော်လှန်ရေးပြီးဆုံးသည်အထိ အတူတကွတိုက်ပွဲဝင်နိုင်သူဖြစ်ရမည်ဟု ဖော်ပြသည်။

Public Service Announcement
ထို့ပြင် တပ်ရင်းမှ သတ်မှတ်ထားသောနယ်မြေများတွင် လေ့ကျင့်၊ သင်ကြား၊စုဖွဲ့နေနိုင်သူဖြစ်ရမည်ဖြစ်ပြီး အဆင့်ဆင့်ကွတ်ကဲမှုသဘောတရားကိုလက်ခံနိုင်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။
ပြည်သူလူထုနှင့်တော်လှန်ရေးအပေါ်သစ္စာစောင့်သိသူဖြစ်ရမည်ဟုလည်း ဖော်ပြသည်။
တပ်ရင်းမှ ချမှတ်ထားသောစည်းကမ်းများနှင့်မူဘောင်များကိုလေးစားလိုက်နာသူဖြစ်ရမည်ဖြစ်ပြီး . အထက်မှပေးအပ်လာသော တာဝန်နှင့် ဝတ္တရားများကိုထမ်းဆောင်နိုင်ရမည်ဟု ထုတ်ပြန်သည်။
စည်းကမ်းဖောက်ဖျက်မှုများအတွက် တပ်ရင်းမှချမှတ်သော ပြစ်ဒဏ်များကို ကျေနပ်စွာခံယူနိုင်ရမည်ဟုလည်း အသိပေးထားသည်။
ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကချင်ဒေသ)သို့ ဆက်သွယ်ရန် ကိုလည်းဖော်ပြထားရာ သတင်းပြန်ကြားရေးဌာန ဖုန်း ၀၉၃၄၉၀၃၁၁၁၄ နှင့် Kachin Regin People Defense Force- KPDF-Hopin ဖေ့စ်ဘွတ်ခ် Page Messenger မှတဆင့်လည်းလာရောက်ဆက်သွယ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ ဟိုပင် KPDFအနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ ပူးပေါင်းစစ်ရေးလှုပ်ရှားကာ စစ်ကောင်စီကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

















































