သုည/People’s Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့အတွက် ထောက်ခံကြောင်း ဒီကနေ့ (အောက်တိုဘာ ၃) မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားကိုင်ဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက ကုလသမဂ္ဂ သံတမာန်ရေးရာတိုက်ပွဲမှာ ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ထောက်ခံဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း လူငယ့်အားမာန်သပိတ်စစ်ကြောင်းနဲ့ ရွာပေါင်းစုံသပိတ်ကော်မတီတို့ ပူးပေါင်းကာ ဦးကျော်မိုးထွန်းကို မြန်မာပြည်ရဲ့ သံအမတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်မှာ ဆက်လက်နေရာရရှိဖို့ ဆန္ဒပြုရင်း ချီတက်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်းသပိတ်အင်အားစုတွေဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်နေရာရရှိဖို့ နေ့စဥ်ရက်ဆက်ဆိုသလို ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ DDMSC
