ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းစခန်းအား လက်နက်ခဲယမ်းများဖြင့် သိမ်းပိုက်ရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက ယနေ့ (ဩဂုတ်၃၀ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။
သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက)-၁၃၊ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၂)၊ သိပ္ပံနှင့်နည်းပညာသုတေသနတပ် (သနတ-၁) အစရှိသည့် ထုတ်နုတ်အဖွဲ့ အခြေပြုနေသော လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းစခန်းအား ဩဂုတ်၂၉ ရက်က စတင်တိုက်ခိုက်ကာ ယနေ့ (ဩဂုတ်လ ၃၀ရက်) နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးသည်။

Public Service Announcement
အဆိုပါ စခန်းမှ လက်နက် ၁၃လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု အမှတ်(၁)စစ်ဒေသက ထပ်မံအသိပေးသည်။
အဆိုပါ စစ်ဆင်ရေးအား ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူးကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း(၁၊ ၂)၊အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပကဖ၊ မန္တလေးတိုင်းဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် သပိတ်ကျင်းမြို့နယ်ရှိ တပ်စခန်းများကို ဇူလိုင်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး သပိတ်ကျင်းမြို့အား သြဂုတ် ၂၅ရက်က သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အပြင် ခလရ(၁၄၈)တပ်ရင်း အပါအဝင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၁ခုထက်မနည်း သိမ်းပိုက်ထားသည်။
