အာဏာသိမ်းခေါင်းဆောင်က စက်တင်ဘာလဆန်းမှာ တောင်ကြီးမြို့၌ တော်လှန်ရေးတပ်ဖွဲ့တွေ အဓမ္မဝင်ရောက်နေထိုင်တဲ့မြို့ရွာတွေ မှာစစ်တပ်ရဲ့တန်ပြန်ထိုးစစ်ကိုကာကွယ်နိုင်ဖို့ ပြည်သူတွေကိုလူသားတံတိုင်းအသုံးပြုဖို့ ပြန်လာနေဖို့ဆွဲဆောင်တာ ၊ အတင်းအဓမ္မလူသစ်စုဆောင်းတာတွေလုပ်နေတယ်ဆိုပြီးစွပ်စွဲခဲ့ပါတယ် ။ သိမ်းဆည်းခံရတဲ့နယ်မြေတွေနဲ့ပတ်သက်ပြီးသင့်တော်သလိုတုံ့ပြန်မယ်လို့လည်း သူကဆိုပါတယ် ။ ဒါပေမယ့်အာဏာသိမ်းခေါင်းဆောင်က စက်တင်ဘာလဆန်းမှာပြောပြီးနောက်မှာ စစ်ကောင်စီနဲ့စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာ စစ်တပ်က ဆင်ဖြူရှင်စစ်ဆင်ရေး၊ ရန်နိုင်မင်းစစ်ဆင်ရေး စတဲ့အမည်တွေနဲ့ထိုးစစ်တွေလုပ်ပြီးဆုံးရှုံးတဲ့နယ်မြေတွေ ပြန်သိမ်းမယ်လို့ဝါဒဖြန့်ပါတယ် ။ဒါပေမယ့် စစ်ကောင်စီကပြည်သူတွေနေတဲ့ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတာကလွဲရင် တော်လှန်ရေးတပ်တွေကိုထိုးစစ်ဆင်ပြီး ဆုံးရှုံးတဲ့မြို့တွေ ၊စခန်းတွေ ပြန်သိမ်းနိုင်တာမရှိပါဘူး။ အာဏာသိမ်းခေါင်းဆောင်ရဲ့စွပ်စွဲချက်အပေါ် တော်လှန်ရေးအဖွဲ့တွေရဲ့ တုံ့ပြန်ပြောကြားမှုတွေကို ပြန်လည်စုစည်းဖော်ပြပေးလိုက်ပါတယ် ။
ဟန်နွေ၊သတိုး/People’s Spring

NUG ကာကွယ်ရေးဝန်ကြီးဌာန ၊ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေ
ဒီနွေဦးတော်လှန်ရေးကို ပြန်ပြောင်းပြီးတော့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ်တွေကို အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပြည်သူလူထုတွေရဲ့ Public Area တွေကို Cover ယူတယ်။ ပြည်သူလူထုကို လူသားဒိုင်းအဖြစ် အသုံးချပြီးတော့ ခုခံတိုက်ခိုက်ခဲ့တယ်ဆိုတာလည်း အချက်အလက်တွေအရ အထင်အရှားကို တွေ့ရှိရပြီးဖြစ်ပါတယ်။သူတို့ရဲ့စခန်းတွေကို စွန့်ခွာခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ စာသင်ကျောင်းတွေ ဆေးရုံတွေ ပြည်သူလူထု Public Area တွေ ပြီးတော့ ဘုရားတွေ ဘုန်းကြီးကျောင်းတွေမှာ ပြန်လည်စုဖွဲ့ပြီးတော့ ခံစစ်ကိုပြင်ပြီးတော့ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တာတွေ အများကြီးရှိပါတယ်။ လက်ရှိစစ်ကိုင်းတိုင်း ထဲကမြို့သိမ်းတိုက်ပွဲဆင်နွဲနေတဲ့ မြို့တွေမှာဆိုရင်လည်း သူတို့စခန်းတွေကို စွန့်ခွာခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီတွေအနေနဲ့ ဘုရားတွေ ၊ဘုန်းကြီးကျောင်းတွေမှာ ပြည်သူလူထုကို လူသားဒိုင်းအဖြစ်အသုံးချပြီးတော့ လက်ရှိမှာကိုယ်ကို ခုခံနေတာတွေရှိတယ်။အဲဒါကြောင့် ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေအနေနဲ့ သတိကြီးကြီးထားပြီး ပြည်သူလူထုထိခိုက်မှုမရှိစေရေးအတွက်အဓိကစဉ်းစားပြီးတော့ အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းတိုက်ခိုက်နေရတာတွေရှိပါတယ်။အကြမ်းဖက်စစ်ကောင်စီက နောက်တစ်နည်းအနေနဲ့ ပြည်သူလူထုကိုတွေ့တဲ့နေရာမှာ အတင်းအဓမ္မ ပေါ်တာဆွဲပြီး စစ်သင်တန်း တစ်ပတ် နှစ်ပတ်ပေးပြီး ရှေ့တန်းပို့တာတွေရှိပါတယ်။အဲဒီ့ရှေ့တန်းကိုအပို့ခံရတဲ့ သူတွေအနေနဲ့လည်းရှေ့တန်းမှာ စစ်ပညာကို ဘာမှဟုတ်တိပတ်တိမတတ်ပဲ လူသားဒိုင်းအဖြစ်အသုံးချခံနေရတဲ့ သဘောရှိပါတယ်။အဲဒီ့ထဲကမှ ထွက်ပြေးလာတဲ့သူတွေရဲ့ ပြောကြားချက်အရဆိုရင်လည်း အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပြည်သူလူထုကို လူသားဒိုင်းအဖြစ် အသုံးချပြီးတိုက်ပွဲတွေမှာတိုက်နေတယ်ဆိုတာ လည်းငြင်းမရတဲ့ အထောက်အထားတွေပဲဖြစ်ပါတယ်။

Public Service Announcement
ကျွန်တော်တို့ သိမ်းပိုက်ရရှိထားတဲ့မြို့ရွာတွေမှာရှိတဲ့ ပြည်သူလူထု တွေကိုဆိုရင်လည်း အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို တွင်တွင်ကြီးကျူးလွန်နေတယ်ဆိုတာလည်း တိုင်းသိ ပြည်သိ ကမ္ဘာကအသိပဲ။ သိမ်းပိုက်ရရှိတဲ့မြို့တွေက တချို့ဆေးရုံတွေမှာဆိုရင် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အဲဒီ့ဆေးရုံတွေမှာ ဝင်ရောက်ပြီး လူနာတွေကို လူသားဒိုင်းအဖြစ် Cover ယူပြီးတိုက်ခိုက်ခဲ့တယ်ဆိုတာလည်း ကျွန်တော်တို့ဖမ်းဆီးရမိထားတဲ့ သုံ့ပမ်းတွေရော အဲဒီကဝန်ထမ်းတွေရော ဆေးဝန်ထမ်းတွေရဲ့ပြောကြားချက်အရ ကမ္ဘာကအသိပဲဖြစ်ပါတယ်။အဲဒါကြောင့် ပြည်သူတွေကို လူသားဒိုင်းအဖြစ် ကာပြီးတော့ စစ်ပွဲကိုဆင်နွဲတာသည် အကြမ်းဖက်စစ်ကောင်စီပဲဖြစ်တယ်။ဒါ့ကြောင့်အကြမ်းဖက်စစ်ကောင်စီသည်သာ စစ်ရာဇဝတ်မှုကို တွင်တွင်ကြီး ကျူးလွန်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုပြောချင်ပါတယ်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး
စစ်ကောင်စီ ခေါင်းဆောင်တစ်ယောက်ကနေပြီးတော့ တောင်ကြီးမှာ သူပြောသွားတဲ့အခါမှာတော့ သူဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ပြီးတော့ တိုက်ခိုက်သိမ်းပိုက်မယ်၊ ထိုးစစ်ဆင်မယ်ဆိုတာ ပြောသွားတယ်လေ။ ဒါပေမဲ့ လက်တွေ့မှာ ဒီကနေ့ လုပ်ဆောင်နေတဲ့ဟာတွေက အဲဒီလို စစ်ရေးပစ်မှတ်တွေကို လုပ်ဆောင်တာ မဟုတ်ဘဲနဲ့ အရပ်သားပစ်မှတ်တွေကို လိုက်ပြီးတော့ တိုက်ခိုက်ဖျက်ဆီးနေတာ ဆယ်ဂဏန်းမကဘူး ရာဂဏန်းအထိတောင် ရောက်လာပြီဆိုတာ ဒါက ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ အဲဒါရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် စစ်ရာဇဝတ်မှုကို ကျူးလွန်ပြီးရင်း ကျူးလွန်နေတဲ့ဟာ မြင်နေရပါတယ်။ သူက ပြောင်ပြောင်တင်းတင်းကို ချိုးဖောက်ပြီးတော့ လုံး၀ သူဘာဆို ဘာမှ ဂရုမစိုက်ဘဲ သူက ကိုယ့်သေတွင်းကိုယ်တူးနေတဲ့ အနေအထားတစ်ခုကို ရောက်သွားနေပြီလို့ပဲ သုံးသပ်ပါရစေ။ အဲဒီအခါမှာ အထူးသဖြင့် ပြည်သူလူထုကို ပြော ချင်တာက ဒီလိုပဲ စိတ်လိုလက်ရ ဘာမှ ဂရုမစိုက်ဘဲ ထင်ရာမြင်ရာ အကုန်လုံး လူထုအပေါ်ကို မီးလောင်တိုက်သွင်းပြီး လုပ်ချင်ရာလုပ် ၊သတ်ချင်ရာသတ်လုပ်နေတဲ့ဟာတွေကိုတော့ ပြည်သူလူထုအနေနဲ့ ကိုယ့်တက်နိုင်သလောက်နည်းလမ်းတွေနဲ့ ကိုယ့်ဟာကိုယ်ပဲ ကြံဖန်ပြီးတော့ ရှောင်တိမ်းရမယ့် သဘောတော့ရှိပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေအနေနဲ့လည်း ဒီထက်ပို လက်လှမ်းမမီနိုင်ဘူးဆိုတာ ရိုးရိုးသားသားပဲ ပြောပါရစေ။ လူထုအတွက် ကာကွယ်ရေးဘက်မှာအများကြီး လိုအပ်နေပါတယ်။ ဒါပေမဲ့ ဒီအချိန် ဒီကာလမှာ ကျနော်တို့ ဘယ်လိုပဲ နိုင်ငံတကာနဲ့ ထိတွေ့တယ်ပဲ ပြောပြော အဲဒီဘက်မှာ အလျင်အမြန်နဲ့ ရဖို့ မလွယ်သေးတဲ့အပေါ် မှာ လူထုက ကိုယ့်နည်းကိုယ့်လမ်းနဲ့ပဲ သတိရှိရှိ ဝိရိယ ရှိရှိနဲ့ပဲ မျက်စိရှင်ရှင် နားရှင်ရှင်နဲ့ပဲ ရှောင်တိမ်းကြပါလို့ပဲ။ဒီအချိန်ဒီအခါမှာ။ ဘာဖြစ်လို့လဲဆိုရင် စကစက သေမထူး နေမထူးနဲ့ အချိန်အခါရောက်နေပြီ။ သူက လုပ်ချင်ရာလုပ် စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုလည်း ဒီထက်နက်သထက် နက်တဲ့ ပြစ်မှုတွေကို ကျူးလွန်ပြီးရင်းကျူးလွန်နေတဲ့ အနေအထားမှာရှိနေပါတယ်။
အဲဒါကြောင့်မို့လို့ သတိရှိရှိနဲ့ ရှောင်ကြတိမ်းကြပါလို့ ပြောချင်ပါတယ်။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး
ဒီအပေါ်မှာ အများကြီးတော့ ပြောစရာတော့မရှိဘူး။ ဘာဖြစ်လို့လဲဆိုဒီစစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့အချိန်မှာရော၊ မဖြစ်တဲ့အချိန်မှာရော အရပ်သားကို ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်နေတာဖြစ်တယ်။ လက်ရှိကလည်း ဒီလိုလုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီနယ်မြေတွေ ပြန်သိမ်းတာတော့မရှိသေးပါဘူး။ အဲဒီလို ကိစ္စကလည်း ရှိဖို့တော့ ခက်ခဲပါတယ်။ ။
