ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင် ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ယနေ့ (စက်တင်ဘာ ၁၂ရက်)တွင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်ဆိုင်းတောင်၌ကျန်နေသည့် စစ်ကောင်စီတပ်များက ပြည်သူလူထုနေအိမ်များကိုမီးရှို့ခြင်း၊လက်နက်ကြီး၊လေကြောင်းပစ်ခတ်တိုက်ခိုက် မီးရှို့ခြင်း ပြုလုပ်နေကြောင်းဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။
ဆိုင်းတောင်တွင် စက်တင်ဘာ ၇ ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ စက်တင်ဘာ ၁၂ ရက် နံနက်တွင် ရဲစခန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ ဖားကန့်မြို့ ဗျူဟာတပ်ကုန်းက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူလူထုနေအိမ်အချို့မီးလောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
အခြား သတင်းရင်းမြစ်တစ်ဦးကလည်း “လေကြောင်းနဲ့ ဂျက်ဖိုက်တာ နှစ်စီးနဲ့ သုံးကြိမ်လောက် ဗုံးကြဲသွားတယ်လို့သတင်းရရှိတယ်။လောလောဆယ်အရပ်သားပြည်သူလူထုရဲ့နေအိမ်တွေ မီးလောင်ပျက်စီးနေပြီလို့တော့ ကနဦး ထပ်မံ သိရှိရပါတယ်။ စကစ ဘက်က အရပ်သားပြည်သူလူထုရဲ့ နေအိမ်အချို့ကို မီးရှို့နေတယ်လို့လည်း ဒေသခံ အချို့က သတင်းပေးပို့ထားတယ်။ နေအိမ်ပျက်စီးနေတာက လေကြောင်းက တိုက်ခိုက်မှုကြောင့်လည်း မီးလောင်တယ်။ ပြီးတော့ စကစ ဘက်က လည်း ထပ်ပြီး မီးရှို့တော့ ပိုပြီးတော့ မီးလောင်တဲ့နေအိမ်များပြားလာတယ်လို့ သိရှိရပါတယ်” ဟု ပြောသည်။
ယနေ့မွန်းလွဲ ၁နာရီနောက်ပိုင်းတွင်စစ်ကောင်စီက မြစ်ကြီးနားတက် တိုက်လေယာဉ်ဖြင့် ဆိုင်းတောင်ကို လေကြောင်းတိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။

အရပ်သား ပြည်သူများ၏ နေအိမ်များကိုတမင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးမှုသည် နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ထပ်ခါတလဲလဲကျူးလွန်နေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
“Lucky Men Hotel မှာ နေရာ ယူ ပြီး ခုခံနေကြတဲ့ စစ်ကျွန် တွေ က တအိမ် ပြီး တအိမ် မီး လိုက်ရှို့ နေကြတာ Drone ဖြင့် မှတ်တမ်း တင်ထား ပြီ”ဟု လည်း ကချင် သတင်းရင်းမြစ်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်အချို့ကလည်း ဖားကန့် ဆိုင်းတောင်ကိာ လေကြောင်းမှဗုံးကြဲ တိုက်ခိုက်ရန် လှုံ့ဆော်ရေးသားနေကြသည်ကိုလည်းတွေ့ရသည်။
“ဆိုင်းတောင်ရဲစခန်း ရန်သူ့လက်ကျရောက်ပြီးနောက်တပ်မတော်(စစ်ကောင်စီတပ်)က လေနတ်သားများလွှတ်ပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဖားကန့်မြို့နယ် ဆိုင်းတောင်ကို KIA က ထိန်းချုပ်လိုက်တာပါ။ တပ်မတော်ကတော့ လေကြောင်းကနေ ဗုံးကြဲလိုက်တာ ပြာလိစွ သွားပြီ။ ဖားကန့်က မြေကျန် ရပါပြီ။ မြေအောက်မှာ ရတနာတွေရှိပါတယ်။တကယ်တန်း တွက်ကြည့်ရင် ရတနာမြေဟာ ပြည်သူလူထုဘာအကျိုးခံစားခွင့်မှ မရှိတာ။ လူထုက ရန်သူ့လက်ပါခြင်း မပါခြင်း စိတ်တော့ မဝင်စားလှပါဘူး” ဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် တစ်ခုတွင် လှုံ့ဆော်ရေးသားထားသည်။
စစ်ကောင်စီတပ်သည်ဖားကန့်တာမခန်ဒေသတိုက်ပွဲတွင်လည်း စစ်ရေးအရ အထိနာသည့် အခြေအနေတွင် တာမခန်ရွာ တစ်ခုလုံးကို စစ်ကောင်စီ မြေပြင် တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါ မီးရှို့သည့် စစ်ကောင်စီတပ် စစ်ကြောင်းကိုလည်း KIAက တိုက်ခိုက်ခဲ့ရာ အများအပြား သေဆုံးခဲ့ပြီး နောက်ဆုံးတွင် တာမခန်ဒေသကို KIAက သိမ်းပိုက်နိုင်ခဲ့သည်။
KIAအနေဖြင့်ဖားကန့်မြို့နယ်အတွင်းရှိစစ်ကောင်စီတပ်စခန်းများစွာကို ယခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့ကို အပြီးသတ် သိမ်းနိုင်ရန် ဗျူဟာကုန်းအပါအဝင်တပ်စခန်း ၆ ခုသာကျန်တော့သည်ဟု သတင်းရင်းမြစ်က ပြောသည်။
