အီယိုရီ/People’s Spring
(၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေသည်ဟု မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်သည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ (၇၉)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ဦးဆောင်တက်ရောက်နေခြင်းဖြစ်သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၁ စစ်အာဏာသိမ်းချိန်မှ လက်ရှိအချိန်အထိ မြန်မာပြည်သူလူထုနှင့်တသားတည်းရပ်တည်ကာ အာဏာသိမ်းစစ်ကောင်စီကျူးလွန်သည့် ရာဇဝတ်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာသိရှိရန် ရှင်းလင်းအစီရင်ခံနေခြင်းလည်းဖြစ်သည်။

Public Service Announcement
ကုလသမဂ္ဂသည် လက်ရှိအချိန်အထိ ရွေးကောက်ခံအရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်အသိအမှတ်ပြုထားပြီး ယင်းအရပ်သားအစိုးရမှ ခန့်အပ်ခဲ့သော သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုလည်း ယခုအချိန်အထိ အသိအမှတ်ပြုထားသည်။
သို့ရာတွင် နှစ်စဥ်ပြုလုပ်နေကျအတိုင်း ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးစတင်သည့်နေ့တွင် အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားပြုမှုကို စိစစ်ရန် အဖွဲ့ဝင်(၉)နိုင်ငံ ပါရှိရမည့် Credentials Committee ကို ဖွဲ့စည်းခဲ့ကာ ယခုနှစ် (၇၉)ကြိမ်မြောက်အတွက် အင်တီဂွာနှင့် ဘာဘူဒါ၊ ကာဘိုဗာဒီ၊ တရုတ်၊ ဒိုမီနီကာ၊ လာအို၊ လိုင်ဘီးရီးယား၊ မိုနာကို၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု တို့ဖြင့် ဖွဲ့စည်းခန့်အပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ် Credentials Committee အတွက် ပြီးခဲ့သည့်သီတင်းပတ်များကတည်းက သက်ဆိုင်ရာအစုအဖွဲ့အလိုက် လှုပ်ရှားဆောင်ရွက်မှုများရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ ထူးခြားသည့် Indication မရှိသေးကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက People’s Spring လူထုနွေဦးကို စက်တင်ဘာ ၃ ရက်တွင် ပြောကြားထားသည်။
“မနှစ်က အနေအထားဆိုရင်တော့ လက်ရှိ ရှိတဲ့တာဝန်ထမ်းဆောင်နေတဲ့ အမြဲတမ်းကိုယ်စားလှယ်ဆက်လက်တာဝန်ထမ်းဆောင်တယ်။ ဒီမှာတော့ ယေဘုယျခေါ်တာ status ကို အတည်ပြုခဲ့တာရှိတယ်။ ဒီနှစ်မှာ ဘယ်လိုလာမလဲ မပြောတတ်ဘူး။ လောလောဆယ်တော့ ထူးခြားတဲ့ indication တွေတော့ ကျွန်တော်တို့ မရသေးတဲ့အနေအထားမျိုး ရှိပါတယ်။ လောလောဆယ် ဒီလောက်ပဲ ဖြေနိုင်ပါသေးတယ်”ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။
စစ်တပ် တရားမဝင်အဓမ္မအာဏာသိမ်းယူချိန်မှစ၍ ၂၀၂၁ ၊ ၂၀၂၂၊ ၂၀၂၃ သုံးနှစ်ဆက်တိုက် ကုလသမဂ္ဂက ယခင်ကိုယ်စားပြုမှုအတိုင်း မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို အတည်ပြုခန့်အပ်ခဲ့သည်။
(၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးသို့တက်ရောက်နေသော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့။ ဓါတ်ပုံ-PMOMTTUN)
