သတိုး/People’s Spring
ထိုင်းနိုင်ငံတွင် Non-ED ဗီဇာဖြင့် ကာလတိုသင်တန်း တတ်ရောက်နေသည့် မြန်မာကျောင်းသားများကို PE အမျိုးအစားဖြင့်နိုင်ငံကူးလက်မှတ်(Passport)သတ်တမ်းတိုးခြင်းအား လုပ်ဆောင်ပေးတော့မည်မဟုတ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။
ထိုင်းဘာသာစကားသင်တန်း ၊ အင်္ဂလိပ်စာသင်တန်း စသည့် ကာလတိုသင်တန်းများ၌ Non-ED ဗီဇာဖြင့် တတ်ရောက်သည့် ကျောင်းသားများများပြားလာသောကြောင့် စက်တင်ဘာ ၁၆ ရက်မှ စတင်၍ ကာလတိုသင်တန်းတတ်ရောက်သူများကို PE နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအား မြန်မာသံရုံး ဘန်ကောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့တို့၌ ဆောင်ရွက်ပေးတော့မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့လွန် ၊ ဘွဲ့ကြို ၊ မူလတန်း ၊ အလယ်တန်း တတ်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် PE နိုင်ငံကူးလက်မှတ်လဲလှယ်ခြင်းကို ယခင်အတိုင်း ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

Public Service Announcement
“အဓိကကတော့ နေဖို့၊ထိုင်ဖို့ အတွက် ကျောင်းတတ်ကြသူတွေတော်တော်ဒုက္ခရောက်မှာပေါ့။ကျောင်းကို ဘွဲ့ရဖို့ ပညာရေးသီးသန့်လာသူတွေကတော့ သူ့ဟာသူတိုးလို့ရမှာဆိုတော့”ဟု ထိုင်းနိုင်ငံတွင် တက္ကသိုလ်တတ်ရောက်နေသူ ကျောင်းသူတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ပြည်ပသို့ ထွက်ခွာသူအများစုသည် ထိုင်းနိုင်ငံသို့သွားရောက်ကြပြီး နေထိုင်ခွင့် ရရှိရန်အတွက် ကာလတို ဘာသာစကားသင်တန်းကဲ့သို့ သင်တန်းများတတ်ရောက်နေကြရသည်။
ထို့အပြင် စစ်ကောင်စီသည် အလည်အပတ်နိုင်ငံကူးလက်မှတ်(PV)ကိုင်ဆောင်ကာ အလုပ်အကိုင်ဗီဇာဖြင့် ပြည်ပထွက်ခွာသူများအား တားမြစ်မည်ဟုလည်း ခြိမ်းခြောက်စာ ထုတ်ပြန်ထားသည်။
“နိုင်ငံကူးလက်မှတ်(Passport for Visit – PV) အမျိုးအစားကိုင်ဆောင်၍ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့ထွက်ခွာရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များမှ စိစစ်တားမြစ်ခြင်းများခံရပါက မလိုလားအပ်သည့် ဆုံးရှုံးမှုများမဖြစ်ပေါ်စေ ရေးအတွက် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားရှိပါက နိုင်ငံကူးလက်မှတ် စတင်လျှောက်ထားရာတွင် (Passport for Job- PJ) အမျိုးအစားကို လျှောက်ထားရယူရန် အလုပ်သမားဝန်ကြီးဌာနတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံ တင်ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရယူကာ တရားဝင် သွားရောက်လုပ်ကိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။”ဟု စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် ၁၄ရက်တွင် ထုတ်ပြန်သည်။
ထို့ပြင် ၁၉၉၉ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မများအရ အလုပ်လုပ်ကိုင်သူများအနေဖြင့် ပြည်ပအလုပ်သမားမှတ်ပုံတင်ခြင်းမရှိပါက နိုင်ငံမှထွက်ခွင့်ပိတ်ပင်သည်အထိ အရေးယူနိုင်ကြောင်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။
အလုပ်သမားနိုင်ငံကူးလက်မှတ်(PJ)ဖြင့် ပြည်ပသို့ထွက်ခွာပါက အလုပ်သမားသက်သေခံကတ်(OWIC)အပါအဝင် အခွန်ဆောင်ထားသည့် အထောက်အထားများ လိုအပ်သောကြောင့် ယခုနောက်ပိုင်းတွင် ပြည်ပသို့ အလုပ်လုပ်ရန်ထွက်ခွာသူများက PV ဖြင့်သာ သွားရောက်နေခြင်းဖြစ်သည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ပြည်ပသို့ထွက်၍ အလုပ်လုပ်သူပိုမိုများပြားခဲ့ပြီး စစ်ကောင်စီက ၎င်းတို့သတ်မှတ်ထားသည့် အသက်အရွယ်အတွင်းမှ လူငယ်များပြည်ပသို့ထွက်ခွာပါက စစ်ဆေးမှုများပိုမိုလုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် PV ဖြင့်သွားရောက်မည့်သူများအား အထောက်အထားများပိုမိုတောင်းခံနေပြီး အထောက်အထားမပြည့်စုံသည့်သူများကို ပြန်လွှတ်နေကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့သူများက မျှဝေထားကြသည်။
