ဟန်နွေ/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့မနက်တွင် သိမ်းပိုက်နိုင်ပြီဟု ကြားရကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဖားကန့် ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်ကို KIA/KPDF ပူးပေါင်းတပ်များက စက်တင်ဘာ ၇ ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ၆ ရက်မြောက်နေ့ မနက်တွင် ရဲစခန်းကို သိမ်းယူ နိုင်ခဲ့ခြင်းဖြစ်သည်။
“ဖားကန့် ဆိုင်းတောင်ဘက်က အခြေအနေတွေက မနေ့က တိုက်ပွဲပြင်းထန်တယ်ဆိုတာ ကြားပါတယ်။ ဒီမနက်ကတော့ ရဲစခန်းတွေကို သိမ်းတယ်ဆိုတာ ကြားပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement
ဆိုင်းတောင်ရဲစခန်း သိမ်းပိုက်မှု တရားဝင် အကြောင်းကြားမှုမရှိသေးကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းထားဆဲဖြစ်ပြီ တိကျသည့် သတင်းများ မရသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
သို့သော် မြေပြင်မှ စစ်ရေးရင်းမြစ်တစ်ဦးက “ဆိုင်းတောင်ရဲစခန်း သိမ်းလိုက်ပါပြီ။ နယ်မြေရှင်းလင်းရင်း အနီးဝန်းကျင်မှာ တိုက်ပွဲဆက်ဖြစ်နေပါတယ်။ လေကြောင်းသတင်းရထားလို့ အခြေအနေကြည့်နေပါတယ်”ဟု လူထုနွေဦးသို့ပြောသည်။
ထိုအပြင် ဒေသခံ သတင်းရင်းမြစ်အချို့ကလည်း ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်က မီးရှို့ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြထားသည်။
KIA အနေဖြင့် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းအများစုကို ယခင်ကတည်းက တိုက် ခိုက်သိမ်းပိုက်ထားပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။
KIA စစ်ရေးသတင်းများ ဖော်ပြနေသည့် 7Stars News ၏ ဖော်ပြချက်တွင် စက်တင်ဘာ ၁၁ရက် ညကတည်းက ဆိုင်းတောင်ရဲစခန်းကို အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က သေဆုံးသူ၊ အရှင်ဖမ်းမိသူနှင့် ထွက်ပြေးသူများ ရှိသည်ဟုဖော်ပြထားသည်။
