ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် မိသားစုအား လာခေါ်သည့် စစ်ကောင်စီ၏ ခိုလမ် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ တပ်ကြပ်ကြီးတစ်ဦးအား PDFများက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(စက်တင်ဘာ ၇ ရက်)က စစ်ကောင်စီတပ်စွဲထားသည့် ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာအနီးတွင် မိသားစုကို လာခေါ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့၊ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်(ဆလအ ခွဲ ၉၄၉တပ်)မှ တပ်ကြပ်တစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ပခုက္ကူခရိုင်အခြေစိုက် Royal Defence Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
“ဒီဘက်မှာရှိတဲ့ သူ့မိသားစုကိုလာခေါ်တာဗျ။ အဲဒါကျွန်တော်တို့က သတင်းရပြီး သွားစောင့်ဖမ်းတာ။ အရပ်သားပုံဖမ်းပြီးလာတော့ သူကလက်နက်တွေ ယူမလာခဲ့ဘူး။ဖမ်းဆီးရမိတဲ့အထဲ မိသားစုတော့ မပါဘူး။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်ကြပ်သည် လုပ်သက် (၂၆)နှစ်ရှိသူဖြစ်ပြီး အခြား အသေးစိတ်အချက်များ ဆက်လက်စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း ပခုက္ကူမြို့တွင် KTV မှ ပြန်လာသည့် နေပြည်တော်အခြေစိုက် အမှတ်(၂၃) တပ်မတော် ဆေးရုံ(ကုတင်၂၅)မှ တပ်ရေးတပ်ထောက် ဗိုလ်ကြီးဇော်ဝင်းကိုဆိုသူအား Southern YSO PDF ဖမ်းဆီးခဲ့သေးသည်။
