ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူလေဆိပ်စီမံကိန်းလုံခြုံရေး အတွက် လေဆိပ်အနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ပခုက္ကူလေဆိပ် ပြန်လည်ပြုပြင်ရေးစီမံကိန်းကြောင့် လေယာဉ်ကွင်းအနောက်ဘက်မြောက်လူးကန်ကျေးရွာ၌ အင်အားရာဂဏန်းနီးပါးဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကိုယနေ့ (စက်တင်ဘာ ၅ရက်) နံနက် ၁၁ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

Public Service Announcement
တိုက်ပွဲမှာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၉ ဦး မျက်မြင် သေဆုံးကာ ၆ဦး ဆေးရုံ၌ ဆေးကုနေကြောင်း Southern YSO PDF အဖွဲ့က ဆိုသည်။ သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“အလက်တွေဘာတွေတော့မရခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဘုန်းကြီးကျောင်းဝင်းကြီးထဲမှာ တိုက်ရတာလေ။ အုတ်တံတိုင်းကိုကျော်ပြီးမှတက်ကောက်မယ်ဆိုရင်တော့ ကိုယ့်သတ်ကွင်းပဲ။ ကျွန်တော်တို့တိုက်တာကတော့ စခန်းသိမ်းပွဲသိမ်းသဘောမျိုးတိုက်တာ။ ဒါပေမယ့် Mission အတွင်း ဆုံးဖြတ်ချက်တခုအရ နောက်ပြန်ဆုတ်ခဲ့တဲ့အနေအထားမျိုးဖြစ်ပါတယ်။”ဟု Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။
ထို့အပြင် PDF ရဲဘော် ၂ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
မြောက်လူးကန်ကျေးရွာရှိ စစ်ကောင်စီတပ်ကိုသြဂုတ် ၁၅ ရက်ကလည်း တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီသည် ပခုက္ကူလေဆိပ်အား ပြန်လည်အသုံးပြုရန် ပြင်ဆင်နေပြီး လေဆိပ် အနီးကို လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံများက ပြောသည်။
ယနေ့စစ်ဆင်ရေးအား Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG)၊ ဒေါင်းသွေးနီ၊ ပြည်သူ့အားမာန် ၊King Cobra အစရှိသည့် မဟာမိတ်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခြင်းဖြစ်သည်။
