close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများမှာ နိုင်ငံအနှံ့ ပိုမိုပြင်းထန်နေကြောင်း ကုလလူ့အခွင့်အရေးကောင်စီသို့ IIMM အကြီးအကဲအစီရင်ခံ

စကားလုံးများဖြင့် မလုံလောက်ဘဲ ပြစ်ဒဏ်ကင်းလွတ်နေသည့် အဆိုးသံသရာကို အဆုံးသတ်နိုင်ရန် အကူအညီပေးရန် လိုအပ်နေ

နမ့်ခမ်းမြို့ကို စစ်​ကောင်စီတပ်က စက်တင်ဘာ ၆ ရက်ကဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

အီယိုရီ/People’s Spring

မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများမှာ နိုင်ငံအနှံ့ ပိုမိုပြင်းထန်နေကြောင်း ယနေ့(စက်တင်ဘာ ၉ရက်)ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)အကြီးအကဲ မစ္စတာနီကိုလက်ကုမ်ဂျီအန်က ပြောကြားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် IIMM အကြီးအကဲက ယန္တရား၏ ဆဌမမြောက်နှစ်ပတ်လည် အစီရင်ခံစာကိုတင်သွင်းရာတွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု နိုင်ငံအနှံ့ပိုမိုပြင်းထန်နေကြောင်းနှင့် မြန်မာနိုင်ငံ၌ ပြီးခဲ့တဲ့နှစ်အတွင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး မတူကွဲပြားသည့် အဖွဲ့အစည်းများက စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အကြိမ်ပိုတိုးကာ ပိုမိုရက်စက်စွာ ကျူးလွန်ခဲ့သည့် အထောက်အထားများကို ယန္တရားက တွေ့ရှိထားကြောင်း ပြောသည်။

ဘန်​ကောင်စစ်​ရှောင်စခန်းကိုစစ်​ကောင်စီတပ်က စက်တင်ဘာ ၆ ရက်ကဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

“စစ်ကိုင်းတိုင်းက မင်္ဂလာဆောင်တစ်ခုနဲ့ ဘုန်းကြီးကျောင်းတွေရယ်၊ ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတစ်ခုရယ်၊ ပြီးတော့ ကယား၊ ကရင် နဲ့ ချင်းပြည်တွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာ လေယဉ်ကနေ ဗုံးကြဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ညစျေးတစ်ခုအနီး လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လူတစ်ဒါဇင်ခန့် သေဆုံးခဲ့ရပါတယ်” ဟု IIMM အကြီးအကဲက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရခိုင်ပြည်နယ်နှင့် နိုင်ငံတဝှမ်း၌ ဖြစ်ပွားနေသော အဖြစ်အပျက်များသည် ဆယ်စုနှစ်ပေါင်းများစွာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်း၏ ရလဒ်ဖြစ်ပြီး ရာဇဝတ်မှုများကို အပြစ်ပေးအရေးမယူနိုင်ခြင်းသည် ရာဇဝတ်‌မှုပြုကျင့်ဆောင်ရွက်မှုများ ထပ်မံဖြစ်ပွားရန် လှုံ့ဆော်ပေးကြောင်း IIMM အကြီးအကဲက လူ့အခွင့်အရေးကောင်စီသို့ ပြောသည်။

ဘန်​ကောင်စစ်​ရှောင်စခန်းကိုစစ်​ကောင်စီတပ်က စက်တင်ဘာ ၆ ရက်ကဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

“ဒီပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းကို တိုက်ဖျက်နိုင်ဖို့ရာ၊ ရိုဟင်ဂျာတွေနဲ့ဆက်စပ်တဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုမှုလုပ်ဆောင်နေတဲ့ နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ နိုင်ငံတကာတရားရုံးနဲ့ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးက အာဏာပိုင်တွေဆီ အထောက်အထားနဲ့ စိစစ်သုံးသပ်ချက်မျှဝေမှုကို ကျွန်တော်တို့ တိုးမြှင့်လုပ်ဆောင်ပါတယ်။ ဒီနေ့အထိ အထောက်အထားနဲ့ အချက်အလက် တစ်သန်းကျော်ပါဝင်တဲ့ ဖိုင်တွဲပေါင်း (၈၀) ကျော်ကို ကျွန်တော်တို့ မျှဝေပြီးဖြစ်ပါတယ်” ဟု မစ္စတာနီကိုလက်ကုမ်ဂျီအန်က ပြောသည်။

စစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရာဇဝတ်မှုပေါင်းများစွာကို ပြောင်းပြောင်းတင်းတင်းကျူးလွန်ခဲ့သလို သမိုင်းတလျှောက် စစ်ရာဇဝတ်မှုများကို ကြိမ်ဖန်များစွာ ကျူးလွန်သည်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသည့် လက်နက်ကိုင်တပ်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး၊ စစ်ရေးသုတေသီတစ်ဦးက မကြာသေးမီက ထောက်ပြထားသည်။

“သမိုင်းတလျှောက် စစ်ရာဇဝတ်မှုတွေကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့သလို အဲ့ဒီကျူးလွန်မှုတွေအပေါ်မှာလည်းဘယ်လိုအရေးယူမှုမှမခံရဘဲ ကင်းလွတ်နေခဲ့တာ ဆယ်စုနှစ်များစွာရှိနေပါပြီ။ စစ်ရာဇဝတ်မှုတွေကျူးလွန်တဲ့အခါ အဲ့ဒီရာဇဝတ်မှုတွေအတွက် အရေးခံရတာမျိုးမရှိဘဲ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတာဟာ အင်မတန်မှကြောက်စရာကောင်းပါတယ်။ အဲ့ဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ လက်နက်ကိုင်တပ်ဟာ စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို ထပ်ခါထပ်ခါ ကျူးလွန်နေဦးမှာဖြစ်သလို အဲ့ဒီလိုစစ်တပ်ရှိတဲ့ တိုင်းပြည်ဟာလည်း အကြမ်းဖက်အဆိုးကျော့သံသရာ(vicious cycle of violence)နွံထဲနစ်နေမှာပါပဲ” ဟု အထက်ပါ သုတေသီက ဆိုထားသည်။

နမ့်ခမ်းမြို့ကို စစ်​ကောင်စီတပ်က စက်တင်ဘာ ၆ ရက်ကဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

လူ့အခွင်အရေးကောင်စီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာနိုင်ငံများက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ကြောက်မက်ဖွယ် ရာဇ၀တ်မှုများကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သော်လည်း အကြမ်းဖက်မှုများသာ ပိုတိုးနေကြောင်း IIMM အကြီးအကဲက ပြောသည်။

“မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်နေကြပြီး အိမ်နီးချင်းနိုင်ငံတွေလည်း နယ်စပ်ဖြတ်ကျော်ထွက်ပြေးကြသူတွေရဲ့ ဝန်ကို ထမ်းပိုးနေရပါတယ်။ ရှင်းရှင်းပြောရရင် စကားလုံးတွေသက်သက်က မလုံလောက်ပါ။ အဖွဲ့ဝင်နိုင်ငံအားလုံး၊ အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုဆိုင်ရာ အထောက်အထားတွေကို စုဆောင်းနေတဲ့ ကျွန်တော်တို့အဖွဲ့ရဲ့ အားထုတ်မှုတွေကို ပံ့ပိုးပေးဖို့၊ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးသံသရာကို အဆုံးသတ်နိုင်ဖို့အတွက် အကူအညီပေးဖို့ လိုအပ်နေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းရန် လက်တွေ့ကာကွယ်ပေးနိုင်ရန် ညှိနှိုင်းစရာများ အမြန်ဆုံးအကောင်အထည်ဖော်နေဟု TNLA အသိပေး

ဆောင်းပါး

အမိုးအကာတွေပွင့်ထွက်ပြီး မျက်နှာကြက်တွေပေါက်ပြဲ၊ အုတ်နံရံတွေ ပြိုအက်ပြီး ပြိုကျလုမတက်ဖြစ်နေတဲ့ ရွာက ဓမ္မာရုံကြီးနဲ့ ဘုန်းကြီးကျောင်းကြီးကိုကြည့်ရင်း အသက်သုံးဆယ်ကျော်အရွယ် မဖြူ(အမည်လွှဲ)တစ်ယောက် စိတ်မချမ်းမသာဖြစ်ခဲ့ပါတယ်။ ကျောင်းဘေးကစေတီလည်း ကျည်ဆန်ရာတွေဗရပွ၊ တန်ဆောင်းကြီးလည်း ပြိုလဲလို့ပါ။

သတင်း

ရက္ခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် အရပ်သားများ၊ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပမ်းများ သေဆုံးခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် နှင့် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့က ပြောကြားသည်။

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးရှိကျေးရွာများအား စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်၊၊