ရဲခေါင်/People’s Spring
အထွေထွေကုန်ဈေးနှုန်းများတက်ပြီး ပြည်သူအများစု စီးပွားရေးကြပ်တည်းနေချိန်တွင် စစ်ကောင်စီကလျှပ်စစ်ဓာတ်အားခ နှစ်ဆ ကျော် တိုးမြှင့်လိုက်ကြောင်း ယနေ့(သြဂုတ် ၃၀) ထုတ်ပြန်သည်။
လျှပ်စစ်ဓာတ်အားခနူန်းထားများ ပြင်ဆင်သတ်မှတ်ရန်အတွက် ၂၀၂၄ခုနှစ် ဇူလိုင်လ ၅ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ အစည်းအဝေးသဘောတူညီချက်အရ လျှပ်စစ်ဓာတ်အားခနူန်းထားများကို တိုးမြှင့်ခဲ့ခြင်းဟုစစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆိုသည်။

Public Service Announcement

“မီတာခ တခုတည်းဈေးတက်လိုက်တယ်လို့ပဲ သူတို့(စကစ)က မြင်မှာပဲ။လျှပ်စစ်မီး နဲ့ထုတ်တဲ့ ကုန်ပစ္စည်းတွေပါ စျေးတက်လာမယ်။မဖြစ်မနေ စျေးတွေက စျေးဝယ်တိုင်း တက်စျေးရှိနေမယ်။ရှေ့လျှောက် လူထုက ကြပ်တည်းရင်းကြပ်တည်း မယ့် ကိန်းဆိုက်ဖို့ပဲရှိတယ်”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောသည်။
တိုးမြှင့်လိုက်သည့် မီတာခ နှုန်းများအရ ယခင် က ၅,၀၀၀ ကျပ်ကျသည့် အိမ်သုံးမီတာ များမှာ ၁၂, ၀၀၀ ကျပ်ပေးရနိုင်ပြီး စက်မှုသုံး မီတာခ များမှာ ယခင် ၁၀ သိန်းဖြစ်ပါက ယခု ၂၅ သိန်းဝန်းကျင် ရှိလာနိုင်သည်။
ပြင်ဆင်တိုးမြှင့် လိုက်သည့်နှုန်းထားအရ အိမ်သုံးအမျိုးအစား ၁ယူနစ် မှ ယူနစ် ၅၀ အထိ ၅၀ကျပ်၊၅၁ယူနစ်မှ ၁၀၀ယူနစ်အထိ ၁၀၀ကျပ်၊၁၀၁ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ကျပ်နှင့် ၂၀၁ယူနစ်မှအထက် ၃၀၀ကျပ် ဖြစ်သည်။
အိမ်သုံးယူနစ် ယခင်နှုန်းထားမှာ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊ ၇၆ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၉၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၁၂၅ ကျပ် ဖြင့် ကောက်ခံခဲ့သည်။
ထို့အတူ စက်မှုသုံး(စက်မှု၊ စီးပွားရေးလုပ်ငန်းသုံး၊ အစိုးရနှင့် အခြားအဖွဲ့အစည်း) ၁ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ကျပ်၊၅၀၀၁ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ကျပ်၊၂၀၀၀၁ယူနစ်မှအထက် ၅၀၀ကျပ် ဖြင့် တိုးမြှင့်ကောက်ခံမည်ဟု ဆိုသည်။

ယခင်က အိမ်သုံးမဟုတ်သော မီတာခများမှ ၁ ယူနစ် မှ ၅၀၀ ယူနစ်အထိ ၁၂၅ ကျပ် နှင့် ၁၀၀၀၀၁ ယူနစ်နှင့်အထက်ကို တစ်ယူနစ်လျှင် ၁၈၀ ကျပ်ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။
ပြင်ဆင်သတ်မှတ်လိုက်သော ဓာတ်အားခနူန်းထားများသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁ရက်မှ စ၍ အကျိုးသက်ရောက်မည်ဟုလည်း ဆိုထားသည်။
နိုင်ငံစီးပွားရေးကျဆင်းပြီး ကျပ်ငွေဖောင်းပွကာ ကုန်ဈေးနှုန်းများတက် ၊အလုပ်လက်မဲ့များပြီး ပြည်သူများ စီးပွားရေးပိုမိုကြပ်တည်းနေချိန်တွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကိုပြဌာန်း၍ အသက် ၃၅ နှစ်ျအာက်လူငယ်များကိုစစ်တိုက်ခိုင်းနေသလို ၊ လုံခြုံရေးအဖွဲ့ ဟုဆိုကာ အသက် ၃၅ မှ ၆၅ အတွင်းအမျိုးသားများကိုပါ စစ်မှုထမ်းခိုင်းရန်စစ်ကောင်စီကစီစဥ်နေသည်။ထို့အချိန်မှာပင် စစ်ကောင်စီက မီးမှန်အောင်မပေးနိုင်သော်လည်း မီတာခများကိုမူ တိုးကောက်လာခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်အတွင်း ဆင်းရဲနွမ်းပါးသူ ၇ သန်းကျော်တိုးလာကြောင်း ကမ္ဘာဘဏ်က ၂၀၂၄ ဇွန်လကထုတ်ပြန်ထားသည်။
နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးတပ်များကသိမ်းပိုက်ထားသောမြို့ပေါင်း ၈၀ ခန့်ရှိပြီး တော်လှန်ရေးတပ်များထိန်းချုပ်ထားသော မြို့ရွာများမှ မီတာကတက်ခြင်းမှာ သက်ရောက်မည်မဟုတ်သော်လည်း စစ်ကောင်စီထိန်းချုပ်ထားသောဒေသများတွင်အကြုံးဝင်မည်ဖြစ်သည်။ထိုအပြင် တော်လှန်ရေးတပ်များကမသိမ်းပိုက်သေးသော်လည်း မြို့ပတ်ပတ်လည်မှ ပိတ်ဆို့ထားသောမြို့ပေါင်းများစွာရှိသည်။
