ဟန်နွေ/People’s Spring
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ သတင်းပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်သည်။
ဩဂုတ် ၂၈ရက်က တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၅၀၂၊ တပ်မဟာ ၂ တပ်ရင်း ၅၊ အထူးတပ်ရင်း တို့ပူးပေါင်းပြီး ခမရ(၆၀၃)ဗဟိုကင်းစခန်းကို ၁၁၄ မမ ရှော့တိုက်ဒုံး ၂လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ရိက္ခာဂိုထောင်၊ မော်တော်ယာဉ်ဂိုထောင်နှင့် မော်တော်ယာဉ် ၃စီးထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ဒဏ်ရာရရှိခဲ့ဟုထုတ်ပြန်သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ဟုလည်း အသိပေးထားသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၆ရက်ကလည်း တောင်ငူလေတပ်စခန်း ဌာနချုပ်ကို ၁၁၄ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ လေတပ်စခန်းဌာနချုပ်အတွင်း ထိခိုက်သေဆုံး ပျက်စီးမှု ရှိခဲ့ဟု တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။
တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ဩဂုတ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် စစ်ဆင်ရေးများဖော်ဆောင်ခဲ့ရာ ပဲခူးတိုင်း လက်ပံတန်းမြို့နယ်၊ ဖြူးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပေါင်းတည်မြို့နယ်၊အုတ်တွင်းမြို့နယ်တို့၌ စစ်ကောင်စီနှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲများဖြစ်ခဲ့သည်။
