နိုင်ပကောင်း/People’s Spring
KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ ဝင်းရေးမြို့နယ် ထဲမှာ သြဂုတ်လ ဒုတိယပတ်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KNU တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေ ထံကသိရပါတယ်။
“တိုက်ပွဲဖြစ်တာ ရက်တော်တော်ကြာနေပြီ၊ အခုထိ မပြီးသေးဘူး” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မနေ့ (သြဂုတ် ၁၅) ရက်က ပြောပါတယ်။

Public Service Announcement
ဝင်းရေးမြို့နယ်(ရေးမြို့နယ်) ၊ အနန်းကွင်းရွာမှာ တိုက်ပွဲ ဖြစ်နေတာဖြစ်ပြီး အဲဒီရွာဟာ ဘုရားသုံးဆူ- သံဖြူဇရပ် လမ်းပိုင်းမှာရှိတာပါ။
စစ်ကောင်စီတပ်ကလည်း အဲဒီဒေသမှာ ဗျုဟာတစ်ခု အခြေ ချထားတယ်လို့သိရပါတယ်။
သြဂုတ်လ ဒုတိယပတ်ကစပြီး အနန်းကွင်းရွာက စစ်တပ် ဗျုဟာနဲ့ KNU တပ်မဟာ (၆) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားကြတာပါ။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အနန်းကွင်းရွာအပြင် ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းရှိ တညင် နဲ့လွတ်ရှမ်းရွာတွေက ဒေသခံတွေပါ တိမ်းရှောင်နေရပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ခိုက်ခံနေရတဲ့ အနန်းကွင်း စစ်ဗျုဟာ တပ်ဟာ ပြီးခဲ့တဲ့ မေလအတွင်း KNU ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူထားတဲ့ ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းပေါ်က တောင်စွန်းစခန်းနဲ့မိုင်းအနည်းငယ်သာ ဝေးပါတယ်။
