ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများသိမ်းပိုက်နိုင်ရေး တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီတပ် ခမရ(၅၀၂)၊ (၅၀၂) တပ်ရင်းများတွင် တိုက်ပွဲများပြင်းထန်ခဲ့ဟု TNLAက ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၄၀ရက်မြောက် ဩဂုတ် ၃ရက် စစ်ရေးအခြေအနေကို TNLAက ထုတ်ပြန်ခဲ့ရာ ကျောက်မဲမြို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း အသိပေးထားပြီး စစ်ကောင်စီတပ်မှ လေကြောင်းအပြင်းအထန်အသုံးပြုတိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။
ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ (၁)၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအား ဩဂုတ် ၃ရက် နံနက်တွင် ဆက်လက်ထိုးစစ်ဆင်ခဲ့ကြောင်း၊တိုက်ပွဲဖြစ်ပွားသော စခန်းကုန်းအနီးတဝိုက်နှင့် ပတ္တမြားစေတီအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighterဖြင့် (၉)ကြိမ်လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန် သည်။

Public Service Announcement
ထို့ပြင် Y12ဖြင့် ဂေါက်ကွင်းအနီးတဝိုက်နှင့် ခမရ (၅၀၁) စခန်းအနီးသို့ ဗုံး ၂၂လုံး လာရောက်ကြဲချခဲ့သည်ဟု ဆိုသည်။
လေကြောင်းမှ လက်နက်ခဲယမ်းဖြည့်တင်းမှုများလုပ်ဆောင်လျက်ရှိရာ ယနေ့(ဩဂုတ် ၃ရက်)တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့ ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့ Y12ဖြင့် လက်နက်ခဲယမ်းများ (၉)ကြိမ်လာရောက် ကြဲချပေးခဲ့သည်ဟု ဆိုသည်။
TNLAနှင့် မဟာမိတ်များသည် ဇွန်လ ၂၅ရက် တွင် ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊နောင်ချိုနှင့် သီပေါမြို့များရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ မိုးကုတ်၊ မိုးမိတ်၊ နောင်ချိုမြို့များကို အပြီးသတ် သိမ်းပိုက်ထားနိုင်ပြီး ကျောက်မဲမြို့ကိုလည်း စိုးမိုးထိန်းချုပ်ထားနိုင်ကာ လက်ကျန် တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
