“အောင်ဇေယျစစ်ဆင်ရေးက တော်လှန်ရေးမှာ ပထမဆုံး အကြီးဆုံးစစ်ဆင်ရေးဖြစ်လို့ လက်ရှိတိုက်နေတဲ့အဖွဲ့တွေကို ဝိုင်းကူပါပဲ ပြောချင်တာ။ ဒီစစ်ကြောင်းကြီးကို ကျနော်တို့ နိုင်အောင် တိုက်နိုင်ရင် တစ်နိုင်ငံလုံးရဲ့တော်လှန်ရေးအတွက်လည်း ခြေလှမ်း အတော်ရောက်မှာပါ။ ပြီးတော့ အဲဒီစစ်ဆင်ရေး မအောင်မြင်ခဲ့ရင် စကစဘက်က အတော်လေးတိုင်ပတ်သွားနိုင်တယ်” – တော်လှန်ရေးရဲဘော်တစ်ဦး
ဒီးဒို/People’s Spring
မြဝတီမြို့သို့လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်ပေါ်၌ နေ့စဥ်တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုရှိပြီး အောင်ဇေယျစစ်ကြောင်း ပိုအထိနာနေကြောင်း သတင်းရရှိသည်။
အောင်ဇေယျစစ်ကြောင်းသည် အာရှလမ်းမ၌ တိုက်ခိုက်ခံရပြီးနောက် ဒေါနတောင်ပေါ် တောအတွင်းဝင်ရောက်သွားပြီး လက်ရှိတွင် တောနောရေတံခွန်အနီးဝန်းကျင်၌ ရှိနေသည်ဟု အဆိူပါ စစ်မျက်နှာပြင်ရှိ အမည်မဖော်လိုသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
” နှစ်ဖက်အကျဆုံးတော့ ရှိတယ်။ သူတို့ဘက်ကတော့ ပိုများတာပေါ့။ ဒေါနတောင်တစ်ကျောလုံးမှာ ထိတွေ့မှုက နေ့တိုင်းလိုလိုရှိတယ်။ ကျနော်တို့ဘက်ကတော့ အဲ့လောက်မရှိပါဘူး။ ၁၀၀ကို တစ်လောက်ပေါ့။ လက်နက်ကတော့ နေ့တိုင်းလိုလိုရတယ်။ သူတို့သေလို့ရတာတွေ ဆိုပါတော့”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက People’s Springသို့ ပြောသည်။

Public Service Announcement
အောင်ဇေယျစစ်ကြောင်းမှ ရရှိသော ရုပ်အလောင်းများတွင် တပ်မ(၅၅)တံဆိပ်များ အများစုတွေ့ရ၍ တပ်မ(၅၅)တစ်ခုလုံး အင်အားသုံးလာခြင်းဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အောင်ဇေယျစစ်ကြောင်းက အာရှလမ်းမ၌ တင့်ကားများတိုက်ခိုက်ခံရပြီးနောက် တောတွင်းမှ ခြေလျင်စစ်ကြောင်းထိုးနေသည်ဟု အဆိုပါ ရဲဘော်က ဆက်ပြောသည်။
အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေမှုနှင့်ပတ်သက်ပြီး အခက်အခဲအား မေးမြန်းရာ ” အောင်ဇေယျစစ်ဆင်ရေးက တော်လှန်ရေးမှာ ပထမဆုံးအကြီးဆုံး စစ်ဆင်ရေးဖြစ်လို့ လက်ရှိတိုက်နေတဲ့ အဖွဲ့တွေကို ဝိုင်းကူပါပဲ ပြောချင်တာ။ ဒီစစ်ကြောင်းကြီးကို ကျနော်တို့ နိုင်အောင်တိုက်နိုင်ရင် တစ်နိုင်ငံလုံးရဲ့တော်လှန်ရေးအတွက်လည်း ခြေလှမ်းအတော်ရောက်မှာပါ။ ပြီးတော့ အဲဒီစစ်ဆင်ရေး မအောင်မြင်ခဲ့ရင် စကစဘက်က အတော်လေးတိုင်ပတ်သွားနိုင်တယ်။ ဒုချုပ်ကိုယ်တိုင် ဦးစီးလုပ်တဲ့ စစ်ဆင်ရေးမအောင်ခဲ့ဘူးဆိုရင် စကစဘက်မှာ အတော်လေး ထိခိုက်နိုင်တယ်။ စိတ်ဓာတ်ပိုင်းရောပေါ့”ဟု ပြောသည်။
အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂) ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။
ဧပြီ ၁၁ရက်ညပိုင်းတွင် ကော့ကရိတ်မြို့သို့ စစ်ကြောင်းဝင်ရောက်လာပြီး ဧပြီ ၁၂ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကို ထပ်မံကြုံတွေ့ရပြန်သည်။ အောင်ဇေယျစစ်ကြောင်းသည် ကော့နွဲ့ကျေးရွာအနီး၌ ရပ်တန့်နေခဲ့ရပြီးနောက် တတန်းကူးကျေးရွာအနီးအရောက်တွင် နှစ်ပတ်ခန့်အကြာရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေရာမှ ယခုအခါ ဒေါနတောင်ပေါ်သို့ ရောက်နေခြင်း ဖြစ်သည်။
အဆိုပါ အောင်ဇေယျစစ်ကြောင်းမှာ လက်ရှိတွင် အင်အား ၅၀၀ကျော်ပါရှိနိုင်ဟု ယူဆရကြောင်း တောင်ပိုင်းတိုင်း အမှတ်(၃၁) ဗျူဟာအောက်ရှိ SOG စစ်ကြောင်းမှူး စောအောင်က သုံးသပ်သည်။
ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှာ မြေပြင်စစ်ကြောင်းထိုးမှု ထိရောက်စွာမလုပ်နိုင်၍ လေကြောင်းမှ မြဝတီမြို့သို့ အင်အားပို့နေခြင်းဖြစ်သည်ဟု တောင်ပိုင်းတိုင်း အမှတ်(၃၁) ဗျူဟာအောက်ရှိ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။
” သူတို့က လေပဲတက်နိုင်တာ။ မြေပြင်ကတော့ လာခဲ့လေ။ ကိုယ့်အလောင်းထည့်ဖို့ ကိုယ်ယူလာခဲ့ပဲ”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။
အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။
မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဧပြီ ၂၁ ရက်တိုက်ပွဲတွင် သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးကား နှစ်စီး အပါအဝင် စက်လက်တစ်လက်နှင့် လက်နက်ခဲယမ်း များ သိမ်းဆီးရမိပြီး ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်းလည်း KNUက အသိပေးထားသည်။
ကော့ကရိတ်မှ မြဝတီမြို့သို့ စစ်ကူအဖြင့် ထိုးစစ်ဆင်လာသော အာဏာသိမ်း စစ်ကောင်စီတပ်များအား ကြားဖြတ်တိုက်ခိုက် ချေမှုန်းရာ ဧပြီ ၂၁ရက်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဥ် တစ်စီး၊ စက်သေနပ်တပ်ဆင်ထားသော စစ်သုံးယာဥ်နှစ်စီး၊ ပွိုင့်ဖွိုက် တစ်လက်အပါအဝင် လက်နက်ငယ် (၁၁)လက်နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်းရခဲ့သည်ဟု အသိပေးသည်။
စစ်ကူလာနေသော စစ်ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မီဒီယာများအား ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။
အာဏာသိမ်း စစ်ကောင်စီတပ်သည် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ”အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်၍ လူအင်အား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ထိုးစစ်ဆင် ချီတက်လျှက်ရှိနေပြီး လက်နက်ကြီးပစ်ကူဖြင့် သော်လည်းကောင်း၊ လေယာဥ်ပစ်ကူဖြင့် သော်လည်းကောင်း နေ့ညမပြတ် လိုက်လံဗုံးကြဲ ပစ်ခတ်လျှက်ရှိနေသည်ဟု KNUက အသိပေးထားသည်
