သရဖူ/People’s Spring
ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ဗန်းမော်မြို့ဘက်မှနေ၍ စစ်ကောင်စီတပ်ကပစ်ခတ်သည်လက်နက်ကြီးကျည်သည် မိုးမောက်မြို့ပေါ်ရှိနေအိမ်တစ်အိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အရပ်သားထိခိုက်သေဆုံးမှုအချို့ရှိကြောင်း ဒေသခံများကပြောသည်။
“လောလောဆယ် အောက်ချိုင့်ဘက်က နေအိမ်ပေါ် လက်နက်ကြီးကျတာရှိတယ်။ အရပ်သားနှစ်ယောက်သေတယ်။ အလောင်းကောက်လို့မရသေးဘူး။ လူမှုရေးကားတွေလည်းဝင်လို့မရသေးဘူး”ဟု ဒေသခံတဦးက ဧပြီ ၂၂ ရက် မွန်းလွဲဆဆဆဆဆ ၁နာရီခန့်တွင်ပြောသည်။
မိုးမောက်မြို့ပေါ်တွင် ယနေ့(ဧပြီလ ၂၂ရက်) နံနက် ၇နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ကြား တိုက်ပွဲအပြင်အထန်ဖြစ်ပွားခြင်းဖြစ်သည်။ ဗန်းမော်မြို့ပေါ်မှ အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာ၍ တိုက်ပွဲစတင်ခြင်း

Public Service Announcement
ဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ မြေပြင်၌တိုက်ပွဲ ပြင်းထန်နေစဉ် စစ်ကောင်စီက ဗန်းမော်မြို့အခြေစိုက်တပ်ရင်းများမှနေ၍ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။
တိုက်ပွဲကြောင့်နှစ်ဖက်ထိခိုက်မှု အခြေအနေကိုမူ မသိရသေးပေ။
“မနက်ကိုးနာရီလောက်ကစပြီးလက်နက်ကြီးပစ်တာ။ အခုတစ်မြို့လုံးက ဗုံးခိုကျင်းတွေထဲမှာပဲနေကြရတယ်။ အပြင်ကိုဘယ်သူမှမထွက်ရဲကြဘူး”ဟု မိုးမောက်မြို့ခံတစ်ဦးကပြောသည်
ဗန်းမော်မြို့တွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မ ၈၈ ရှေ့တန်းဌာနချုပ်နှင့် အမြောက်တပ်ရင်း(၃၆၆)တို့ရှိသည့်အပြင် မိုးမောက်မြို့အနီးတွင်လည်း ခမရ-၄၃၇ တပ်ရင်းတို့ ရှိနေသည်။ ထိုနေရာများမှနေ၍ စစ်ကောင်စီကလက်နက်ကြီး အများအပြားဖြင့်ပစ်ခတ်နေခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
တိုက်ပွဲကြောင့်ထိခိုက်မှုအခြေအနေများကို အသေးစိတ်မသိရှိရသေးပေ။
KIA သည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိစစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လ ဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ မိုးမောက်မြို့ပေါ်မှဌာနဆိုင်ရာရုံးများ ပိတ်သွားခဲ့ပြီး ဝန်ထမ်းများသည် ဗန်းမော်မြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။
တိုက်ပွဲဖြစ်နိုင်သည်ဟူသောသတင်းများကြောင့် မြို့ခံအများအပြားလည်း ဗန်းမော်မြို့သို့ သွားရောက်တိမ်းရှောင်ခဲ့ကြပြီး အချို့မှာမြို့ပေါ်၌ ကျန်ရှိနေဆဲဖြစ်သည်။ထိုနောက်ဧပြီ ၂၂ ရက် မိုးမောက်မြို့ပေါ်၌ တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်။
ယနေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။
