ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တိုက်ပွဲအတွင်း သေဆုံးဖမ်းမိခဲ့သော စစ်ကြောင်းတွင် စစ်ကောင်စီတပ်ရင်းလေးခုမှ တပ်သားများပါဝင်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ပြောသည်။
အမှတ်(၂ )စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ -၂)လက်အောက်ခံ ခမရ (၅၁၅)၊(၅၁၆) ၊တပ်မ (၆၆)လက်အောက်ခံ ခလရ(၁)နှင့် လွိုင်ကော်ဒေသကွပ်ကဲစစ်ဆင်ရေးဌာနချုပ်(ဒကစ)၏ ခလရ(၁၃၅)တို့ပါဝင်သည်ဟု ဆိုသည်။
ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ၅၃ ဦးသေဆုံးပြီး စစ်ကောင်စီ ဗျူဟာမှူးအပါအဝင် ၅၆ဦး ဖမ်းမိပြီး လက်နက် ၇၆လက်ရရှိသည်ဟု ဆိုသည်။

Public Service Announcement
“ခမရ (၅၁၅ ၊၅၁၆)နဲ့ ခလရ(၁)သုံးခုစလုံးကို မနှစ်ကတည်းက ဒီးမော့ဆို အရှေ့ခြမ်းကို စစ်ဆင်ရေးဝင်ထားတဲ့တပ်တွေ။အခု ဖမ်းမိတဲ့သူတွေနဲ့လက်နက်စာရင်းတွေအရ သူတို့ ပါလာတာတွေ့ရတယ်”ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သား ၅၆ ဦးတွင် ဗျူဟာမှူး၊ တပ်ရင်းမှူး၊ စစ်ကြောင်းမှူး၊ တပ်ခွဲမှူးနှင့် အရာရှိအဆင့်ထိ ပါဝင်နေကြောင်းလည်း ဖားဆောင်း PDF နှင့် နီးစပ်သူက အသိပေးသည်။
အဆိုပါ အချက်အလက်ကိုမူ လူထုနွေဦးအနေဖြင့် သက်ဆိုင်ရာ တပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်း ထားဆဲ ဖြစ်သည်။

မတ်လ ၂၀ ရက်ကလည်း ဘော်လခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ စစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ဗျုဟာမှူး အပါအဝင် ၁၅ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၆ဦး သေဆုံးပြီးတစ်ဦး ဖမ်းမိခဲ့သည်။
ထိုစဥ်က စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၅) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်း ၉ ခုခန့်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။
ဖားဆောင်းမြို့တွင် စစ်ကောင်စီ၏ ခလရ(၁၃၄) နှင့် (၁၃၅) အခြေစိုက်တပ်များရှိပြီး မြို့ကို သိမ်းပိုက်နိုင်ရန် လက်ကျန် စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်က အရှိန်မြှင့်တိုက်ခိုက်နေခြင်းဖြစ်သည်။
