စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ငွေတွင်းကျေးရွာတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ အစည်းအဝေးပြုလုပ်နေချိန် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Danger Force LPDF အဖွဲ့က ပြောသည်။
ဇွန်လ ၂၀ရက် ညနေ ၅ နာရီကျော်က အရာတော်မြို့နယ်ရှိ ပျူစောထီးအားကောင်းရာ ငွေတွင်းကျေးရွာ၌ ၎င်းတို့အစည်းအဝေးပြုလုပ်နေချိန် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးပြုလုပ်သည့် အဆောက်အဦးနှင့် ကတုတ်ကျင်းများပေါ်သို့ ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်ခဲ့ပြီး အဆောက်အဦးအတွင်းရှိ စစ်သား၊ ပျူများအပါအဝင် ကင်းစောင့်နေသော ကင်းသမား နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က ပြောသည်။
ထို့အပြင် စစ်သား လေးဦးဒဏ်ရာရပြီး အရာတော်ဆေးရုံတွင် ကုသနေသည်ဟု ဆိုသည်။ သို့သော် စစ်ကောင်စီတပ်သားနှင့် ပျူများ ထိခိုက်သေဆုံးနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“အင်အားကများတယ်။ ၃၀ လောက်ရှိမယ်။ သူတို့ကရွာကို ဝင်လိုက်ထွက်လိုက်ပဲ။ အရင်ရက်တုန်းက ငွေတွင်းက စစ်သားတွေရမ်းပစ်လို့ အနီးနားရွာက ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်။ ကျွန်တော်တို့က ဒရုန်းတစ်စီးကို ကင်းထောက်ထားပြီး ကျန်တဲ့အစီးတွေနဲ့ချတာပါ။”ဟု Danger Force LPDF အဖွဲ့၏ ဒရုန်းတာဝန်ခံ ကိုမာန်ဟုန်က ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို Danger Force LPDF ၊ ကျောက်ဆည်ခရိုင်တပ်ရင်း -၁ (နဂါးနီတပ်ရင်း) ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း – ၇ (Zeroပြောက်ကျား)၊ ရွှေဘိုခရိုင်တပ်ရင်း – ၁၅နှင့် ဆားတောင်မိုးကြိုး(Local PDF)၊ MRTF Drone Force၊ NDRF၊ အောင်သပြေညီနောင်(မြင်းမူ Local PDF) အဖွဲ့တို့ ပူးပေါင်းတိုက််ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ငွေတွင်းရွာသည် အရာတော်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပျူအင်အားကောင်းရာ ကျေးရွာတစ်ရွာဖြစ်ပြီး စစ်တပ်က လက်နက်ပါ တပ်ဆင်ပေးထားသည်။
