▪︎စစ်တပ်ဘက်မှ ထိခိုက်သေဆုံးများပြီး လက်နက်ခဲယမ်းအချို့ရ
ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်များ ကင်းလှည့်ချိန်ထိပ်တိုက်တွ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၉)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

KNU/KNLAတပ်မဟာ(၃)ထိန်းချုပ်နယ်မြေကျောက်ကြီး(လယ်ဒို)မြို့နယ် ဝါးပင်စုရွာအနီးတွင် ဇွန် ၂၀ ရက်နံနက်ပိုင်းက အင်အား ၈၀ ကျော်ဖြင့် နယ်မြေစိုးမိုးရေးကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်နှင့် KNLA၊ PDF တပ်များ ထိပ်တိုက်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ထိတွေ့တိုက်ပွဲ ၁ နာရီကျော် ကြာခဲ့တယ်။ စစ်ကောင်စီအနေနဲ့ နယ်မြေစိုးမိုးမှု မရှိတော့ပါဘူး။ ကျောက်ကြီး နယ်မြေစိုးမိုးရေးအတွက်ကို သူတို့ အဓိကလုပ်နေတယ်။ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်နေရင်း ဖြစ်ပွားခဲ့တာပါ”ဟု KNLA တပ် ရင်း(၉)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၈ ဦးခန့်သေဆုံးပြီး KNLA၊ PDF ပူးပေါင်းတပ်များဘက်မှ ရဲဘော်နှစ်ဦး လက်မောင်းရှပ်ထိဒဏ်ရာရခဲ့သော် လည်း မစိုးရိမ်ရကြောင်း၊ ရန်သူ့ထံမှ လက်နက်သုံးလက်အပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်တပ်သည် ကျော်ကြီးနယ် သံဘိုရွာတွင်တပ်စွဲထားသည့် ခလရ(၆၀)နှင့် ခမရ(၅၉၉)တပ်များဖြစ်ပြီး တိုက်ပွဲအတွင်း အထိနာသွားသောကြောင့် နတ်သံကွင်းအထွက် ရန်မျိုးအောင်အထိုင်တပ်မှနေ၍ လက်နက်ကြီးအလုံး ၂၀ ခန့်ပစ်ခတ်ခဲ့ရာ ဝါးပင်စုနှင့် သောင်မို့ကျေးရွာများမှ နေအိမ်ရှစ်လုံးထိခိုက်ပျက်စီးသွားသည်ဟု KNLA တပ်ရင်း(၉)ထံမှ သိရသည်။


ကျောက်ကြီးမြို့နယ်တွင် ဇွန် ၆ ရက်ကဖြစ်ပွားသည့် နတ်သံကွင်းရဲစခန်းနှင့် စစ်တောင်းမြစ်ကူးတံတားတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း ဆုံးရှုံးထားသည်။
