အရာတော်နယ် နောင်ကြီးအိုင်ရဲစခန်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်ချရာ တပ်စခန်းများအား လက်နက်ကြီးများဖြင့် ၂ နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DRPA တပ်ခွဲ (၄) BlackShadow PDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇွန်လ ၁၃ရက် ည ၁၀ နာရီခွဲခန့်က ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသော စုပေါင်းရုံးနှင့် မီးသတ်တပ်ဖွဲ့ရုံးအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၂နာရီကျော်ကြာမြင့်ခဲ့ကြောင်း DRPA တပ်ခွဲ (၄) BlackShadow PDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်က အကျအဆုံးများရှိသော်လည်း အတိအကျမသိရသေးဟု DRPAက ဆိုသည်။
“သူတို့ဘက်ကလဲ ပြန်ပြီး လက်နက်ကြီးတွေနဲ့ပစ်တာရှိတယ်။ ကာကွယ်ရေးတပ်သားတွေတော့တစ်ယောက်မှထိခိုက်တာမရှိဘူး။ “ဟု DRPA တပ်ခွဲ (၄) BlackShadow PDF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း(၃၀) အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA) Blackshadow PDF(DRPA) နှင့် ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးတပ်ပေါင်းစု တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ထို့အပြင် တိုက်ပွဲများဆက်လက်ဖော်ဆောင်နိုင်ရန် ရန်ပုံငွေလိုအပ်ချက်ရှိနေကြောင်း DRPAက ထပ်မံ အသိပေးသည်။
အခြားသတင်းတစ်ရပ်အဖြစ် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို ဒရုန်းနှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဇွန်လ ၁၂ ရက်က နောင်ကြီးအိုင်ရဲစခန်းကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တစ်စီးမှာ စစ်ဆင်ရေးအောင်မြင်သော်လည်း ကျန်တစ်စီးမှာ ချို့ယွင်းမှုဖြစ်ကာ ပျက်ကျခဲ့ကြောင်း Danger Force LPDF အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“လေဆာ ဂျန်ပါကြောင့် ဒရုန်း error(ချို့ယွင်းမှု)ဖြစ်ပြီး ပျက်ကျခဲ့တာပါ။ တစ်လုံးမှ မချနိုင်ခဲ့ပါဘူး ကျွန်တော်တို့ ဒရုန်းက။ မဟာမိတ်ဒရုန်းကတော့ ချနိုင်ခဲ့ပါတယ်။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။
စစ်ကောင်စီအား ဆက်လက်တိုက်ခိုက်ရန်နှင့် ကင်းထောက်ရန် ဒရုန်းတစ်စီး အရေးပေါ် လိုအပ်နေ၍ ပြည်သူများပူးပေါင်းပါဝင်ပေးရန် Danger Force LPDF အဖွဲ့က မေတ္တာရပ်ခံသည်။
