မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင် စစ်ကောင်စီတပ် ဂိတ်ကို ယနေ့မနက်တွင် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ဇွန်လ ၂၂ရက် နံနက်၁၀နာရီခန့်တွင် ရေးဘီလူးအဖွဲ့သားများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ဂိတ်ထဲမှာ ရှစ်ယောက်လောက်ရှိတယ်။ လေးဦးကိုပဲ ကျနော်တို့ အသေပစ်သတ်နိုင်ခဲ့တယ်။ ကျန်တာတွေက ကတုတ်ကျင်းထဲ ပြေးဝင်သွားတယ်ဆိုတော့ ကျနော်တို့တွေက အလျင်အမြန် ပြောက်ကျားပစ်တယ် အနီးကပ်ဝင်ပစ်တယ်ဆိုတော့ ဂန်းကို မရရှိလိုက်ခဲ့ဘူး”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း သိမ်းဆည်းနိုင်မှုမရှိသော်လည်း ရဲဘော်များ အထိအခိုက်မရှိအောင် ဆုတ်ခွာနိုင်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။စစ်ကောင်စီတပ် သေဆုံးထိခိုက်မှု အခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။
ရေးဘီလူးအဖွဲ့သည် လမိုင်းမြို့ရှိ စစ်ကောင်စီ နှင့်ပတ်သက်သည့် ပစ်မှတ်တစ်ခုကိုလည်း ယနေ့ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသော်လည်း အသေးစိတ်အခြေအနေကို ဖော်ပြမထားပေ။
ရေးဘီလူးအဖွဲ့သည် ဇွန်လ ၂၀ရက်ကလည်း ရေးမြို့နယ် ကျောက်မိချောင်းရွာမှ စစ်ကောင်စီ ၏ စစ်မှုထမ်းဟောင်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟုဆိုသည်။ ၎င်းသည် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က အသိပေးထားသည်။
