မကွေးတိုင်း ဆောမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF)များနှင့် နီးစပ်သည့် ဒေသခံက ပြောသည်။
ပခုက္ကူမြို့မှ ကျောက်ထုသို့ ဦးတည်လာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီယာဉ်တန်းကို ဇွန်လ ၂၁ရက်ညပိုင်း၌ ဆောမြို့နယ် အညာရွာနှင့် တပြင်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ညကတော့ ၁၅ယောက်ထက်မနည်းသေတယ်လို့ ပြောတယ်။ တိုက်ပွဲဖြစ်တာ ။ တပြင်းနဲ့ အညာရွာအကြား။ ဖြစ်တော့ မိုင်းကွင်းထဲ မိလို့ မိုင်းဆွဲတာရော ကားတွေ မိုင်းမိတာရော။ ကား ၂စီးကတော့ ပျက်သွားတယ်လို့ပြောတယ်”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က လက်ရှိတွင်ရှေ့မဆက်နိုင်ဘဲ ဖြစ်နေကြောင်း ၎င်းက ပြောပြသည်။
“အညာရွာကနေ မထွက်နိုင်ဘူးဖြစ်နေတယ်။ ကားနှစ်စီးကလည်းပျက်နေတယ် လူတွေကလည်း ၁၅ယောက် ၂၀လောက်သေထားတယ်ဆိုတော့ ရှေ့မတိုးရဲဘူးဖြစ်နေတယ်”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်ကထိခိုက်မှုမရှိဟုလည်း ပြောသည်။ သို့သော် စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ်သည် ယမန်နေ့က ဆောမြို့နယ်အတွင်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့၍ ရွာသာရွာ၌ တိမ်းရှောင်နေသည့် စစ်ရှောင်ပြည်သူ ငါးဦးနှင့် ဘုန်းကြီးတစ်ပါး ၊ ကိုရင်တစ်ပါး စုစုပေါင်း အရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေးဦးမှာ ဒဏ်ရာပြင်းထန်ခ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။
ပခုက္ကူမြို့မှလာသည့် စစ်ယာဉ်တန်းများ ကျောက်ထုသို့ ဦးတည်လာရောက်ခြင်းကြောင့် ကျောက်ထု အမြောက်တပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် တမင် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံ အခြားသတင်းရင်းမြစ်က ပြောသည်။ အဆိုပါယာဉ်တန်းသည် ကျောက်ထုအမြောက်တပ်သို့ လက်နက်ခဲယမ်း လာရောက်ပို့ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဆောနယ် ဒေသခံက ခန့်မှန်ထားသည်။
