မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ်တို့ရှိ မြို့မရဲစခန်း၊ စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီစစ်ကြောင်းများအား ဒရုန်းများဖြင့် တိုက်ခိုက်ရာ သုံးဦးဦးထက်မနည်းသေဆုံးကြောင်း ဒေသတွင်း PDFအဖွဲ့များက ပြောသည်။
မတ်လ ၂၁ ရက် ည ၈နာရီခန့်နှင့် ၁၀နာရီခန့်က နွားထိုးကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းအားဒရုန်းဖြင့် ဗုံးသီး ရှစ်လုံးကို နှစ်ကြိမ်ခွဲ၍ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ များကြောင်း Natogyi People Defence Force၏ သတင်းတာဝန်ခံက ပြောသည်။
မတ်လ ၂၂ ရက် နံနက် ၈ နာရီခန့်ကလည်းနွားထိုးကြီးမြို့နယ်၊ မင်းရွာမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း NPDF၏ သတင်းတာဝန်ခံက ပြောသည်။
“ မင်းရွာမှာ တပ်စွဲထားတာကြာပြီ။ မကြာခဏလည်းအတိုက်ခံရတယ်။ နွားထိုးကြီးနယ်က စစ်ကိုင်းတိုင်းထဲက မြို့နယ်တစ်ခုလိုဖြစ်နေတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ (မတ်လ ၂၃ ရက်)က မြင်းခြံခရိုင် တောင်သာမြို့နယ်၊ တမန်ကြီးကျေးရွာရှိ စစ်ဆေးရေးဂိတ်အား ပြင်းအားမြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့်ရဲများ ထိခိုက်မှုရှိနိုင်ကြောင်း NPDF၏ သတင်းတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၁၊ ၃ ၊ ၄တပ်ရင်းနှင့် Myingyan District Drone Strike Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
နွားထိုးကြီးနှင့် မြင်းခြံမြို့တို့သည် မန္တလေးတိုင်းအတွင်း၌ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသများဖြစ်သည်။
