ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့သို့ သွားရောက်သည့် စစ်ကောင်စီတပ်ယာဉ်တန်းအား ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
မတ်လ ၈ရက်တွင် ကလေးမြို့မှ ထွက်လာသည့် တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ် ၃၀ခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖလမ်းမြို့သို့ ရောက်လာခြင်းဖြစ်ပြီး ဖလမ်းမှ ဟားခါးမြို့သို့ ဆက်လက် ထွက်ခွာစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။
“ ဖလမ်းရောက်ပြီးမှ အခု ဟားခါးကို ဆက်ပြီးတော့ သွားဖို့အခု ဖလမ်းကနေ ထွက်လာတယ်။ အခုက သုံးလေးရက်တော့ကြာပြီ။ အဲဒီမှာ စစ်ယာဉ်တန်း အစီးရေ ၃၀။ တင့်ကား ၂စီးအပါအဝင်ပေါ့။ ကျနော်တို့ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်မှု ဖြစ်နေတာပေါ့။ အဲဒီမှာ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး။ သူတို့ဘက်က အကျအဆုံးက ၇ယောက်ကျတယ်ပေါ့။ ဖလမ်းကနေ အထွက် လုံပီး စိုက်ပျိုးရေးကျောင်း လုံပီးရွာ အဲဒီနားမှာပဲ ဆက်လက်ပြီး သောင်တင်နေခဲ့တယ်။ ဆက်ပြီး မတိုးနိုင်တဲ့အနေအထားမှာရှိတယ်။ သူတို့သွားတဲ့ ပုံစံက လမ်းဘေးဝဲယာ ယာဉ်တန်းလုံခြုံရေးအဓိက လုပ်တယ်။ အဲဒီမှာ ရဲနဲ့ စစ်သားက အင်အား ၂၀၀ နီးပါးတော့ရှိတယ်လို့ သိရတယ်။ အဓိကတော့ ရိက္ခာနဲ့လက်နက်တွေ သယ်ဆောင် လာတဲ့ ယာဉ်တန်းဖြစ်တယ်လို့ သိရတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
အဆိုပါယာဉ်တန်းကို CNA ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF-SIYIN) တို့ကလည်း ကလေး -ဟားခါးလမ်း၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၂၀ကျော်သေဆုံးခဲ့ကြောင်း CNDFက ထုတ်ပြန်ထားသည်။
ပုံမှန်အခြေအနေတွင် နေ့တစ်ဝက်ခန့်သာသွားရသည့် ကလေး- ဖလမ်း လမ်းကို စစ်ကောင်စီတပ်က နှစ်ပတ်နီးပါး ခရီးနှင်ခဲ့ရပြီး ပုံမှန်အခြေအနေတွင် တစ်နာရီခွဲခန့်သာသွားရသည့် ဖလမ်း-ဟားခါးလမ်းကို စစ်ကောင်စီတပ်က သုံးရက်ကြာသည်အထိ မရောက်နိုင်ဘဲ ယခုအချိန်ထိ မြို့အထွက် (၅)မိုင်ခန့်သာရောက်ရှိသေးသည်ဟု ဆလိုင်းထက်နီက ပြောပြသည်။
