ပဲခူးတိုင်း အုတ်ဖိုမြို့နယ်နှင့် နတ္တလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်များကို PDF တပ်ရင်းများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရသွားကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့ (မတ် ၂၃ ရက်) ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုများအနက် မတ်လ ၂၀ ရက်နံနက် ၂နာရီခွဲက အုတ်ဖိုမြို့နယ် ကြို့ပင်ကိုးကျေးရွာ စာသင်ကျောင်း၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ – ၄ မြေအောက်ပျောက်ကြားတပ်ဖွဲ့က (၄၀) မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကင်းပုန်းဝပ်နေသည့်နေရာသို့ ကျရောက်ပေါက်ကွဲကာ နှစ်ဦးဒဏ်ရာအပြင်းအထန်ရသွားကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးသည်။
အလားတူ မတ်လ ၁၉ ရက် ညနေ ၆ နာရီခန့်က နတ္တလင်းမြို့နယ် ကြက်မနက်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ – ၂ Phoenix D F ( Nattalin PDF )နှင့် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ – ၂၊ တပ်ခွဲ – ၃ ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုမှာ တိုက်ပွဲကြာချိန် ၁၅မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ – ၂ Phoenix D F (Nattalin PDF)မှ တာဝန်ရှိသူက People’s Spring သို့ အတည်ပြုသည်။
အဆိုပါ စစ်ကောင်စီတပ်များသည် ကြက်မနက်ကျေးရွာအတွင်း ဆက်ရှိနေပြီး အခြေအနေအား စောင့်ကြည့်နေရကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။
အုတ်ဖိုနှင့် နတ်တလင်းနယ်တို့တွင် ထိတွေ့တိုက်ပွဲများ၊ နန်းထိုက်အောင်စစ်ဆင်ရေးများ ပိုမိုပြင်းထန်လာနိုင်သော ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၊ ၎င်းတို့၏ထောက်တိုင် ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဝေးဝေးနေထိုင်၍ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် သက်ဆိုင်ရာတပ်ဖွဲ့များက အသိပေးထားသည်။
