Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ ကျွန်​တော်တို့ဘက်က တိုက်ရည်ခိုက်ရည်ပိုပြီး အားကောင်းတယ်။ စိတ်ဓာတ်လည်း ပိုပြီးတက်ကြွတယ်။ လက်နက်အားတွေ အသုံးပြုမှု ပိုပြီးကျွမ်းကျင်လာတယ်”

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့်မေးမြန်းခန်း

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ
ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ

— ဝင်းမောင်/People’s Spring

စစ်ကောင်စီတပ်က ချင်းပြည်နယ် ဟားခါးဗျူဟာ နှင့် မင်းတပ်သို့ စစ်ယာဉ်တန်းများဖြင့် အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာများဖြည့်တင်းရန်ကြိုးစားလျက်ရှိရာ ကလေး-ဖလမ်း-ဟားခါးလမ်းမှ တဆင့် ဟားခါးသို့ သွားရောက်နေသည့် တင့်ကား ၂စီးပါယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ချင်းအမျိုးသားတပ်မတော်(CNA) စသည့် ချင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်​နေသည်။ စစ်ကားတန်းများကို တိုက်ခိုက်မှု အခြေအနေ အပါအဝင် ချင်းပြည်နယ်အတွင်း စစ်ရေးအခြေအနေများကို CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီအားPeople’s Spring သတင်းဌာနက ဆက်သွယ်မေးမြန်းထားမှုကိုဖော်ပြလိုက်ပါသည်။

​မေး-ဟားခါးဘက်ကို တက်တဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်​နေတဲ့အ​ခေအ​နေကိုရှင်းပြပေးပါလား။

​ဖြေ- မတ်လ ၈ရက်နေ့က ကလေးမြို့ကနေ ထွက်လာတဲ့ဟာက ဖလမ်းရောက်ပြီးမှ အခု ဟားခါးကို ဆက်ပြီးတော့ သွားဖို့ အခု ဖလမ်းကနေ ထွက်လာတယ်။ အခုက သုံး၊ လေးရက်တော့ကြာပြီ။ အဲဒီမှာ စစ်ယာဉ်တန်း အစီးရေ ၃၀။ တင့်ကား ၂စီးအပါအဝင်ပေါ့။ ကျနော်တို့ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်မှု ဖြစ်နေတာပေါ့။ အဲဒီမှာ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး။ သူတို့ဘက်က အကျအဆုံးက ၇ ယောက်ကျတယ်ပေါ့။ ဖလမ်းကနေ အထွက် လုံပီး စိုက်ပျိုးရေးကျောင်း လုံပီးရွာ အဲဒီနားမှာပဲ ဆက်လက်ပြီး သောင်တင်နေခဲ့တယ်။ ဆက်ပြီး မတိုးနိုင်တဲ့အနေအထားမှာရှိတယ်။ သူတို့သွားတဲ့ ပုံစံက လမ်းဘေးဝဲယာ ယာဉ်တန်းလုံခြုံရေးအဓိက လုပ်တယ်။ အဲဒီမှာ ရဲနဲ့ စစ်သားက အင်အား ၂၀၀ နီးပါးတော့ရှိတယ်လို့သိရတယ်။ အဓိကတော့ ရိက္ခာနဲ့လက်နက်တွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းဖြစ်တယ်လို့ သိရတယ်။

​မေး- ဖလမ်း- ဟားခါးကြား ဘယ်နှစ်မိုင်လောက်ရောက်ပြီလို့သိရပါသလဲ။

​ဖြေ-အဲဒီအကြားက သူတို့ ၅ မိုင်လောက်ပဲရောက်သေးတယ်။ သူတို့ ရှေ့ကို တက်လိုက် ပြန်ဆုတ်လိုက် အဲဒီလိုနဲ့ ဖလမ်းကနေ သုံးမိုင်လောက်အကွာ အဲဒီ လုံပီးရွာမှာ သောင်တင်နေတယ်။ အဲဒီကနေ လုံရမ်းရွာဘက်ကို ထွက်လာလိုက် ပြန်ဆုတ်လိုက် အဲဒီ အနေအထားမှာရှိနေသေးတယ်။

မေး- အဲဒါဆို ဟားခါးရောက်ဖို့ သူတို့ အချိန်အတော်ကြာ ခရီးနှင်ရမယ့်သဘောပေါ့။

​ဖြေ- ဟုတ်ကဲ့ ဖလမ်းနဲ့ ဟားခါးကတော့ မိုင် ၄၀ပေါ့။ အရပ်ဘက်ကနေ သွားရင် တစ်နာရီခွဲကြာတာပေါ့။ အခု သူတို့ သုံး၊လေးရက်တော့ကြာပြီ။ ဖလမ်းကနေ အထွက်ပဲ ရောက်သေးတယ်။ ပြီးတော့ ဖလမ်းမြို့ပေါ် အထိုင်စခန်းကနေ လက်နက်ကြီးတွေ ကူပစ်ပေးတာတွေလည်းရှိသေးတယ်။

​မေး- ဖလမ်းမရောက်ခင် ကလေး – ဖလမ်းကြားမှာလည်း အတော်အထိနာတယ်ဆိုတဲ့ သတင်းတွေလည်းတွေ့ရပါတယ်။ ဆရာတို့ရော ကြားမိပါသလား။

​ဖြေ-အဲဒီမှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကိုယ်တိုင်လည်းပါတယ်။ ကျနော်တို့ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သုံးလေးဖွဲ့ပေါ့။ အဲဒီမှာ ၂၀ နဲ့ ၃၀ကြားတော့ သူတို့က အကျအဆုံးရှိတယ်။ ပြီးတော့ ဒဏ်ရာရကတော့ လေးငါးဆယ်လောက်ရှိတယ်။ အဲဒီမှာ သူတို့ ၁၄ရက်လောက်ကြာတာပေါ့။

​မေး-သူတို့အနေနဲ့ နာရီပိုင်းလောက်သာသွားရမယ့် ခရီးကို ရက်တွေအကြာကြီး လဝက်လောက်ကြာအောင်သွားရတယ်ဆိုတော့ ဒီအပေါ် ဘယ်လိုသုံးသပ်လို့ရပါသလဲ။

​ဖြေ-သူတို့ ဒီလိုလာတိုင်း စစ်ယာဉ်တန်းတွေ သူတို့ ရိက္ခာပို့တဲ့ အင်အား ပို့တဲ့ဟာတွေလာတိုင်းကတော့ ကျနော်တို့က က အမြဲတမ်း တိုက်ပွဲဖြစ်နေတဲ့နေရာဆိုတော့ သူတို့ဘက်က လည်း အဲဒီလမ်းကြောင်းမှ မသွားရင်တော့ တခြားလမ်းကြောင်းဆိုတာမျိုးကမရှိဘူးပေါ့။ အဲဒီမှာ ကျနော်တို့က ရှိနေတယ်။ တိုက်တဲ့နေရာမှာလည်း ကျနော်တို့ဘက်က အင်အားစုစည်းမှု ပိုပြီးအားကောင်းလာတယ်ပေါ့။ ပြောရရင် ကျနော်တို့ဘက်က လက်နက်အားတွေ လူအားတွေ ပိုပြီးတော့ တိုက်ရည်ခိုက်ရည် ပိုပြီးတော့ ကောင်းလာတယ်လို့ ပြောလို့ရတယ်။ ပုံမှန်ဆိုရင် ကလေးနဲ့ ဒီဖလမ်းကတော့ နေ့တစ်ဝက်ခရီးပါ။ အရင်ဆို တစ်ရက်နှစ်ရက်နဲ့ ရောက်တာပေါ့။အခုက လဝက်လောက် အဲဒီလိုတိုက်ပွဲဖြစ်တာပေါ့။ ကျနော်တို့ဘက်က တိုက်ရည်ခိုက်ရည်ပိုပြီး အားကောင်းတယ်။ စိတ်ဓာတ်လည်း ပိုပြီးတက်ကြွတယ်။ လက်နက်အားတွေ အသုံးပြုမှု ပိုပြီးကျွမ်းကျင်လာတယ်။ ကျနော်တို့ ချင်းအမျိုးသားတပ်မတော်သော်လည်းကောင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ အဲဒီမှာရှိနေတဲ့ CNDF(ချင်းအမျိုးသားကာကာကွယ်ရေးတပ်) တို့ စီရင်(CDF-SIYIN)တို့ ပြီးတော့ CDF ဟွာငိုလ်တို့ စသဖြင့်ပေါ့ အားကောင်းလာတယ်လို့ ပြောလို့ရတယ်။

မေး- တစ်ဖက်မှာလည်း ZRAနဲ့ တိုက်ပွဲဖြစ်တယ်လို့ ကြားရလို့ အဲဒီအ​ခြေအ​နေကို​ပြောပြ​ပေးပါသား။

​ဖြေ-ချင်းအမျိုးသားတပ်မတော်နဲ့ ZRO/ZRAနဲ့ မနေ့က ကျနော်တို့ တပ်မဟာ(၄) ဂွင်ထဲဝင်လာတဲ့ ZRO နဲ့ တိုက်ပွဲဖြစ်တာပေါ့ ။အဲဒီမှာ သူတို့ဘက်က ၁ယောက်ကျပြီးတော့ သုံးလေးယောက်တော့ ဒဏ်ရာရတယ်။ လက်နက် ၁လက်နဲ့ ကျည်ဆံ တွေရရှိထားတယ်။ ဘာလို့လည်းဆို ZROက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာဖြစ်တယ်။ အဲဒါကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေစုစည်းတဲ့ CJDCကနေမှ အကြမ်းဖက် အဖွဲ့လို့ ကြေညာထားတာရှိတယ်။ ပေါ်လစီမတူတော့ အဲဒါက စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့အဖွဲ့အစည်းဆိုတော့တိုက်ခိုက်ဖို့ပေါ့။

မေး- သူတို့ဆီက သိမ်းရတဲ့ လက်နက်အမျိုးအစားကတောင် စစ်​ကောင်စီလက်နက်အမျိုးအစားတူ​နေတယ်နော်။

​ဖြေ-ဟုတ်ကဲ့။ သူတို့ သင်တန်းတွေမှာတောင် စကစအလံနဲ့ သူတို့အလံနဲ့တွဲထောင်ပြီး ZRO/ZRAက ပေးနေတာရှိတယ်။ စကစနဲ့ ပူးပေါင်းတာ သေချာလို့ ကျနော်တို့ ပေါ်လစီနဲ့မတူလို့ စစ်ရေးအရ လုပ်ဆောင်ရခြင်းဖြစ်တယ်။

​မေး-လက်ရှိအခြေအနေအပေါ် အခြားဘာတွေပြောလိုပါသလဲ။

​ဖြေ-စကစကတော့ ဘယ်လိုပဲဖြစ်ဖြစ် အခု ပွင့်လင်းရာသီဆိုတော့ ရိက္ခာတွေ အင်အားတွေဖြည့်လေ့ရှိတယ်။ သူတို့ အင်အားတွေဖြည့်မလာတာ ရိက္ခာတွေဖြည့်မလာတာဟာ ကြာလည်းကြာပြီ။ ဒီနှစ်ထဲမှာ ဒီတခါ ပထမဆုံးအကြိမ်ပေါ့။ အခု ဟားခါးဗျူဟာဂွင်ထဲကိုသော်လည်းကောင်း ပြီးတော့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် – မတူပီ ဘက်ကိုသော်လည်းကောင်း ယာဉ်တန်းနဲ့ တက်လာတာ ဖြစ်တယ်။ အဲဒါတွေ မတက်ခင်ကို သူတို့က ဒီနှစ် ဇန်နဝါရီက စပြီး ဒီနေ့အထိ လေယာဉ်တိုက်ခိုက်မှု တွေကိုလုပ်တယ်။ ကျနော်တို့ကို ချေမှုန်းဖို့ မြေပြင်စိုးမိုးရေးလုပ်ပြီးတက်လာတာဖြစ်တယ်။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုကတော့ ကျနော်တို့ ချင်းတောင် ပထဝီအနေအထားအရ တခြား ဒေသနဲ့စာရင် ကျနော်တို့ဘက်မှာ သူတို့ထိရောက်တာမရှိပါဘူး။ အသေအပျောက်တွေဘာတွေ ကျနော်တို့ တော်တော်လေးနည်းခဲ့တယ်။ အဲဒီလို ရှိတယ်။ သူတို့က ဆက်ပြီးတော့ လုပ်မယ်လို့လည်းမြင်တယ်။ ဘာလို့လည်းဆို အဲဒါတွေလုပ်ချင်လို့အတွက်လည်း ချင်းတောင် တစ်ခုလုံးကို မာရှယ်လောထုတ်ထားတာဖြစ်တယ်။ စစ်ရေးကတော့ လေကြောင်းကတော့ ဆက်ပြီးတော့ သူတို့မှာ အင်အားရှိရင်လုပ်လာမယ့်အနေအထားဖြစ်ပါတယ်။ အတက်နိုင်ဆုံးအကာအကွယ်ယူပြီး ဆက်လက်ပြီးတော့ ခုခံသွားမှာ ဖြစ်တယ်။

အခုလို​ဖြေ​ပေးတာ​ကျေးဇူးတင်ပါတယ်။

You May Also Like

သတင်း

လက်ရှိစစ်ရေးအခြေအနေကြောင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ-ရွာသစ်လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု Bawlakhe PDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

သတင်း

စစ်အုပ်စုသည် လက်ရှိအချိန်တွင် ညောင်စောက်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲလျက်ရှိပြီး ဒဏ်ရာရစစ်သားများအား ဆေးကုသနေကြောင်းသတင်းရရှိသည်။

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။