ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲ၌ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀က ယနေ့ထုတ်ပြန်သည်။
မတ်လမှစ၍ ဒေါညေးခူနှင့် ဒေါတမကြီးကျေးရွာဖက်သို့ စစ်ကြောင်း သုံးခုဖြင့် ထိုးစစ်ဆင်လာခဲ့သော အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသော တိုက်ပွဲများအတွင်း KNDF တပ်ရင်းအမှတ် (၁၀)မှ ရဲဘော် နှစ်ဦးသည် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြက်စွာကျဆုံးခဲ့ရခြင်းဟု အသိပေးထားသည်။
KNDF တပ်ရင်း အမှတ် (၁၀)၏ ရဲဘော်များဖြစ်သော ရဲဘော်ခူးဦးရယ်မှာ မတ်လ ၂၁ရက်တိုက်ပွဲအတွင်လည်ကောင်း ၊ ရဲဘော် နိုရယ်မှာ မတ်လ ၂၂ရက်တိုက်ပွဲတွင် လည်းကောင်း စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း ကျဆုံးခဲ့ရကြောင်း အသိပေးသည်။
တိုင်းပြည်နှင့် လူမျိုးအတွက် အကြမ်းဖက်စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသော ရဲဘော်ဦးရယ်နှင့် ရဲဘော်နိုရယ်တို့အား အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူမှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ယခုလဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှာ အထိနာနေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲနှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၀၀ခန့်ရှိပြီး ခြောက်ဦး အရှင်ဖမ်းမိထားသည်။
ထို့အတူ ကရင်နီပူးပေါင်းတပ်မှ ရဲဘော်ငါးဦးခန့် ကျဆုံးထားကာ နေ့စဥ်တိုက်ပွဲများ ခုခံနေရမှုကြောင့် ကျည်နှင့် ခဲယမ်းလိုအပ်ချက်များရှိနေ၍ ပြည်သူ့ကာ ကွယ်ရေးတပ်များက ပြည်သူများကို အကူအညီ တောင်းခံလျက်ရှိသည်။
