အာဏာသိမ်းစစ်ကောင်စီ၏ဒုခေါင်းဆောင်မတ်လ ၁၈ရက် သွားရောက်ခဲ့သော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ခရီးစဉ်တွင် ပူးပေါင်းပါဝင်ခဲ့သော ဓနုဒေသခံစီးပွားရေးလုပ်ငန်းများကို ပြည်သူများကသပိတ်မှောက်ကြရန် ဒေသခံတော်လှန်ရေးအင်အားစုများကတောင်းဆိုလိုက်သည်။
စစ်ကောင်စီ ဒုတိယဥက္ကဌ စိုးဝင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံနှင့် ပင်းတယမြို့သို့ သွားရောက်သော ခရီးစဥ်တွင်ပင်းတယမြို့ ခန်းမ၌ ဒေသခံလုပ်ငန်းရှင်အချို့ကသွားရောက် တွေ့ဆုံခဲ့ရာ ဒေသခံများက ပြင်းပြင်းထန်ထန်ဝေဖန်နေကြသည်။
“ ဓနုဒေသမှာစစ်တပ်ကိုတော်လှန်လို့ဆိုပြီးအသတ်ခံရတာတွေ၊ပြေးရသူတွေ၊အိမ်မီးရှို့ခံရသူတွေ အများကြီးပဲရှိတယ်။ ကိုယ့်လူမျိုးအရိုးမဆွေးခင် စစ်တပ်နဲ့ပေါင်းပြီး စီးပွားရှာနေကြတဲ့ သူတွေ။ ကမ္ဘာမီးလောင်သားကောင်ချနင်းဖျာခင်းတဲ့အချောင်သမားတစ်သိုက်” ဟု ရွာငံဒေသခံ တစ်ဦးကပြောသည်။

အဆိုပါ တွေ့ဆုံပွဲကို ဒေသခံလုပ်ငန်းရှင်များဖြစ်သည့် ချယ်ရီတောင်တန်းလက်ဖက်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမအသင်းမှ ဦးဘစီ ၊ ရွှေတက်လမ်းအာလူးအစုအဖွဲ့မှ ဦးအောင်ဆုထိုက်၊အမေ့အိမ်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်ရေးလုပ်ငန်းရှင် ဒေါ်ဟန်နီကို ၊ဓနုညီနောင်ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးအောင်သန်း ၊ ရွှေတောင်တန်းကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးဇော်မျိုးနိုင် Holidayကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဒေါ်နှင်းနွယ်စိုး၊ဓနုမလက်ဖက်လုပ်ငန်းပိုင်ရှင် ဦးမင်းမင်းထွန်းနှင့် ရွှေသစ်သီး သစ်သီးယိုနှင့်ဖျော်ရည်လုပ်ငန်းပိုင်ရှင်ဦး၀ဏ္ဏဖြိုး တို့က သွားရောက်တွေ့ဆုံခဲ့ကြကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်တော်လှန်ရေးအင်အားစုများက ပြောသည်။
ပြည်သူများအနေဖြင့်အဆိုပါ လုပ်ငန်းများကထုတ်လုပ်သော ထုတ်ကုန်များကို ၀ယ်ယူခြင်းမပြုဘဲ သပိတ်မှောက် (Boycott )ပေးရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကတောင်းဆိုသည်။

“ ဒေသဖွဲ့ဖြိုးရေးအကြောင်းပြပြီး အချောင်ဖျာခင်းတဲ့သူတွေ။ ကောင်းကောင်းမွန်မွန်လမ်းကသွားလို့ရရက်ခွေးတိုးပေါက်ကနေတိုးဝင်နေကြတယ်။ သူတို့ထုတ်နေတဲ့ ထုတ်ကုန်တွေက ရန်ကုန်ရော၊ မန္တလေးရော နယ်စုံမှာရှိတယ်။ ဒါတွေကို မဝယ်ခြင်းဖြင့် တော်လှန်ရေးမှာပါဝင်ပေးပါ” ဟု အထက်ပါပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောသည်။
အထက်ပါ လုပ်ငန်းရှင် ခုနှစ်ဦး၏ လုပ်ရပ်ကို ဒေသခံများက စိတ်ပျက်နေပြီး ပြစ်တင်ဝေဖန်နေကြကြောင်းဒေသတွင်းစစ်အာဏာရှင်တော်လှန်ရေး သတင်းများဖော်ပြနေသည့် Voice of Pindaya (VOP) ကလည်းရေးသားထားသည်။
ထိုအပြင် အာဏာသိမ်းဒုခေါင်းဆောင်မှာ ပင်းတယမြို့နယ်ရှိ ရွှေဥမင်လှိုဏ်ခေါင်းသို့သွားရောက်စဥ် ရှေ့တွင်ရောက်နေသော ဘုရားဖူးများကို စစ်ကောင်စီက ပြန်မထွက်ခိုင်းဘဲ ပိတ်ဆို့၍ ဘုရားဖူးများက စိုးဝင်းကို ကြိုဆိုနေသယောင် ဓါတ်ပုံများရိုက်ကူး၍ဝါဒဖြန့်ခဲ့ကြောင်းလည်း ဒေသခံများကပြောသည်။
