ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို မြို့နယ်တွင် စစ်ကောင်စီရဟတ်ယာဥ်တစ်စီး ပစ်ခတ်ခံတိုက်ခိုက်ရသောကြောင့်မဆင်းနိုင်ဘဲ ပြန်ထွက်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယနေ့(မတ်လ ၁၆ ရက်) နေ့လည် ၁ နာရီ ခန့်က စစ် ကောင်စီရဟတ်ယာဥ်သည် ငွေ တောင်အခြေစိုက် ခမရ ၁၀၂ တပ်သို့ ဆင်းသက်ရန် ပြင်ဆင်နေစဥ် ပစ်ခတ်ခံရခြင်းဟု ကရင်နီတော်လှန်ရေးအင်အားစုအချို့ကပြောသည်။
“ ရိက္ခာလာပို့တဲ့ ရဟတ်ယာဥ်လို့ ပြောတယ်။ထိခိုက်မှု အတိအကျတော့မသိရဘူး။ဒါပေမယ့် မိနစ် ၂၀ လောက်ထိ ၁၀၂ တပ်ပတ်ပတ်လည်မှာ ပဲ ပျံဝဲ ပြီး မဆင်းနိုင်ဘဲ ပြန်ထွက်သွားတယ်” ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရဟတ်ယာဥ်ပစ်ခတ်ခံရခြင်းကြောင့် ခမရ ၁၀၂ တပ်တွင်းမှ လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်ခြင်းနှင့် ကင်းထောက်ရဟတ်ယာဥ်တစ်စီးပါ စစ်ကောင်စီက အသုံးပြုလာသည်ဟုလည်း ၎င်းကဆက်ပြောသည်။
စစ်တပ်ရဟတ်ယာဥ်ကိုပစ်ခတ်တိုက်ခိုက်သောအဖွဲ့နှင့် အပစ်ခံရသော ရဟတ်ယာဥ်အမျိုးအစား၊ထိခိုက်မှုရှိ၊မရှိတို့ကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
လက်ရှိ ကရင်နီဒေသတွင်း စစ်ကောင်စီ၏ ထိုးစစ် တွင် Mi35 Jet Fighter ဖြင့် ပစ်ခတ်မှု ၄၅ကြိမ်၊ ဟယ်လီကော်ပတာဖြင့်ပျံသန်းပတ်ခတ်မှု ၁၂ကြိမ် နှင့် လက် နက်ကြီးဖြင့်ပစ်ခတ်မှု အကြိမ် ၅၀၀ နှင့်အထက်ရှိသည်ဟုကရင်နီတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
မတ်လ ၁၀ ရက်နေ့ကစ၍ စစ်တပ်က ကရင်နီ(ကယား)ပြည်နယ်၊ဒီးမောဆိုအရှေ့ခြမ်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခု ဖြင့် စတင်ထိုးစစ်ဆင်နေသည်။
ထိုနေ့တွင်ပင် ဒေါသဲရွာအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုကော်မတီKMIC ကထုတ်ပြန်ထားသည်။
မတ်လ ၃ ရက်ကလည်းချင်းပြည်နယ်ထန်တလန်မြို့တွင် စစ်တပ်က ရိက္ခာပို့သော Mi-17 ရဟတ်ယာဥ်ကို ချင်းကာကွယ်ရေးတပ်များက လေယာဥ်ဆင်းသက်စဥ်တိုက်ခိုက်ရာလေယာဥ်အစိတ်အပိုင်းအချို့မီးလောင်ပြီး ချက်ချင်းထွက်ခွာသွားခဲ့သည်။
