စစ်ကောင်စီတပ်သည် တွေးနိုင်သည်ထက် ယုတ်မာ၍ အရှည်သဖြင့်တွေးတောဆင်ခြင်သင့် ဟု အသိပေး
အကြမ်းဖက်စစ်ကောင်စီတပ်သည် ပအိုဝ်းနှင့် ကရင်နီပြည်သူအကြား ပဋိပက္ခဖြစ်စေရန် ဖန်တီးလျက်ရှိရာ စစ်ကောင်စီ၏ လူမျိုးတစ်ခုနှင့် တစ်ခုအကြား အမုန်းတရားမျိုးစေ့ချပေးသည့် လုပ်ရပ်ကို လက်မခံဘဲ တားဆီးပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထံက PNO/PNA ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။
ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုအတွက် အထူးစိတ်မကောင်းဖြစ် မိကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
“ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ် မှု၊ ရွာမီးရှို့မှုတွေ၊ လူမဆန်စွာ သတ်ဖြတ်မှုတွေဟာ မြန်မာပြည်မှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကလွဲရင် ဘယ်သူကမှ မလုပ်နိုင်တာ အဖိုးလည်း အသိဖြစ်ပါတယ်။ ဒီစစ်တပ်ဟာ ကြွက်မနိုင် ကျီမီးရှို့ဆိုသလိုပဲ သူတို့ရဲ့ အာဏာရှင်စနစ်ကို ဖီဆန်သူတွေကို မနှိမ်နင်းနိုင်တဲ့အခါတိုင်း ရပ်ရွာကို ဒုက္ခပေးလေ့ရှိတာဟာလည်း သူတို့နှစ်ပေါင်း များစွာ ကျင့်သုံးလာခဲ့တဲ့ နည်းစနစ်ဆိုတာလည်း ကျနော်တို့ အချင်းချင်းကြားတော့ ရှင်းပြနေဖို့ လိုမယ်မထင်ပါဘူး”ဟု ဒုဝန်ကြီးက ပြောသည်။
လူနည်းစု လူမျိုးများအနေဖြင့် မိမိဒေသကို တက်နိုင်သမျှ နည်းမျိုးစုဖြင့် ကာကွယ်ကြရသည်ကို နားလည်သော်လည်း စစ်ကောင်စီတပ်က တွေးထင်နိုင်တာထက် ပိုယုတ်မာ၍ အရှည်သဖြင့် တွေးတော ဆင်ခြင်နိုင်ရန် ယခုကဲ့သို့ စာရေးသားလိုက်ခြင်းဖြစ်သည်ဟု အသိပေးသည်။
“ တော်လှန်ရေးအင်အားစုတွေကို အပြစ်ဖို့တဲ့ ထုတ်ပြန်ချက်တွေ၊ ရှုတ်ချကြောင်းဖော်ပြနေတဲ့ ဆန္ဒပြပွဲတွေ အကြောင်း စိတ်မသက်မသာဖတ်ရသလို၊ မြေပြင်ဒေသခံတွေရဲ့ သတင်းစကားတွေ လည်းကြားရ၊ ဖတ်ရပါတယ်ခင်ဗျ။ မြန်မာစစ်တပ်ဟာ ပအိုဝ်းနဲ့ ကယန်းလူမျိုးတွေအကြား ပဋိပက္ခကို ဖန်တီးဖို့ ကြိုးစားပြီးသူတို့ရဲ့ ဆိုးရွားလှတဲ့ အပြစ်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလို့ပဲ သုံးသပ်မိပါတယ်” ဟု ဒုဝန်ကြီးက ဆိုသည်။
၎င်းကဆက်လက်၍ “ တကယ့် မြေပြင်က မတူညီကွဲပြားတဲ့ လူမျိုးတွေအကြားမှာ အမုန်းတရား မျိုးစေ့ကို စိုက်ပျိုးဖို့ ကြိုးစားတာဟာ လူ့အဖွဲ့အစည်းရဲ့ ရေရှည်အေးချမ်းသာယာရေးကို စနစ်တကျ ရိုက်ချိုးဖျက်ဆီးတဲ့ အပြစ်ကြီးဖြစ်ပါတယ်” ဟု ဒုဝန်ကြီးက ဆက်ပြောသည်။
စစ်အုပ်စုသည် ခေါင်းဆောင်အချင်းချင်း အကြားဖြစ်စေ၊ မြေပြင်၌ ကူးလူးဆက်ဆံ ချစ်ကြည်ရင်းစွဲရှိသည့် လူမျိုးများအကြား ဖြစ်စေ သဟဇာတဖြစ်မှုကို ပျက်စီးစေခြင်းက သားစဉ်မြေးဆက်အထိ ဆိုးမွေကို လက်ဆင့်ကမ်းရာ ရောက်ကြောင်း အိတ်ဖွင့်ပေးစာက ဆိုသည်။
“ ရေတိုငြိမ်းချမ်းရေး၊ အထိအခိုက်နည်းအောင် ထိန်းသိမ်းရေးတွေဟာ လက်တွေ့ကျတယ်လို့ သုံးသပ်လို့ ရကောင်းရနိုင်ပေမယ့် ဒီ့အတွက် ပေးဆပ်ရမယ့် အဖိုးအခဟာ လူမျိုးရေး အမုန်းတရား တွေနဲ့ အပြန်အလှန် အမှီသဟဲ မပြုနိုင်မယ့် လူ့အဖွဲ့အစည်းတွေဖြစ်နေမယ်ဆိုရင်တော့ ဒါဟာ ထိုက်တန်တယ်လို့ မဆိုနိုင်ပါဘူး”ဟု ဒုဝန်ကြီးက ပြောသည်။
ထို့အပြင် နိုင်ငံရေးသဘောတူညီမှုများ ကွဲပြားနေသည်မှာ မြင်သာသော်လည်း သက်ဆိုင်ရာလူမျိုးအလိုက် ပြည်သူများ၏ ကောင်းရာကောင်းကျိုးကို လိုလားကြရာ၌တူညီမည်ဟု ယုံကြည်ကြောင်း ဒုဝန်ကြီးက ဆိုသည်။
“ ဒီပြည်သူတွေ ငြိမ်းချမ်းစွာနဲ့ အစဉ်အဆက် ဆက်လက်ရပ်တည် နိုင်ကြဖို့အတွက်ဆိုရင်တော့ အရှည်သဖြင့် သက်ရောက်မှုတွေကိုပါ ကျနော်တို့ ထည့်သွင်းစဉ်းစားဖို့ လိုမှာဖြစ်ပါတယ်။ တိုတိုပဲ အနှစ်ချုပ်ခွင့်ပြုပါ အဖိုးခင်ဗျား။ ရေတိုဘေးမသင့်စေဖို့အတွက် လူမျိုးတစ်ခုနဲ့ တစ်ခုအကြား အမုန်းတရား မျိုးစေ့ချပေးမယ့် ကိစ္စမျိုးကို လက်မခံပဲတားဆီးပေးစေလိုပါတယ်။ မြေပြင်က ပြည်သူတွေ အချင်းချင်းအကြား ကူညီဖေးမတဲ့ ဓလေ့ကိုလည်း မပိတ်ပင်စေသင့်ဘူးလို့ မြင်ပါတယ်။ ဒီ့အတွက် ဘေးတချို့ မရှိနိုင်ဘူးလားလို့ မေးရင်တော့ ကျနော်မငြင်းလိုပါဘူး။ ပြဿနာရဲ့ အဖြေကို မရှာပဲ ရှောင်ဖယ်နေသရွေ့၊ ရှင်သန် လောက်ရုံသာ ကြိုးပမ်းနေသရွေ့တော့ ကျနော်တို့ လူမျိုးအသီးသီးဟာ လူလူသူသူ တန်းတူရည်တူနဲ့ အမျိုးသားတန်းတူရေးအဖို့ငြိမ်းငြိမ်းချမ်းချမ်း မနေရမယ့် ခေတ်တွေ၊ မျိုးဆက်တွေ ပိုရှည်ကြာနေမှာကိုတော့ ကျနော့်အနေနဲ့ ပိုထူးကဲပြီး စိုးရိမ်မိတာပါပဲခင်ဗျား” ဟု ဒုဝန်ကြီးက ဦးအောင်ခမ်းထီထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။
ဦးအောင်ခမ်းထီသည် PNO/PNA ပြည်သူ့စစ်စတင်ဖွဲ့စည်းကတည်းက ဦးဆောင်ခဲ့သူဖြစ်သည်။ မကြာသေးမီကလည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဦးအောင်ခမ်းထီနေအိမ်သို့ သွားရောက်ခဲ့သည်။
မတ်လ ၁၁ရက်က စစ်ကောင်စီတပ်သည် ပအိုဝ်းဒေသ နမ်းနိမ်းရွာ ဒေသခံ ၂၂ဦးကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့ရာ ယင်းသို့ သတ်ဖြတ်မှု နှင့်ပတ်သက်ပြီး ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တို့က မြေပြင်အခြေအနေမှန်ကို အချက်အလက်များဖြင့် ထုတ်ပြန်ထားသည်။
