စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ခမရ (၃၆၁)မှ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုများနိုင်ကြောင်း Guerrilla Warfare K. P. Kအဖွဲ့က သတင်းထုတ်ပြန်သည်။
မတ်လ ၁၃ရက်က တန့်ဆည်မြို့မှ ထွက်လာသော ခမရ(၃၆၁)၏ အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ပျူများအား မွန်းလွဲ ၂နာရီ ၄၀မိနစ်ခန့်တွင် ဆင်ငယ်ကျေးရွာဘုန်းတော်ကြီးကျောင်း အနောက်ဘက်၌ အဝေးထိန်းမိုင်း၊ ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare K. P. Kအဖွဲ့က အသိပေးသည်။
စစ်ကောင်စီတပ်နှင့်ပျူများ အထိအခိုက်များနိုင်ပြီး ရဲဘော်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Guerrilla Warfare K. P. K အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။
“ ဆင်ငယ်ရွာကိုဝင်ဖို့ကြိုးစားတာ။ တိုက်ခိုက်ခံရပြီး အထိနာတော့ ဆင်ငယ်ရွာ ဘုန်းကြီးကျောင်းထဲဝင်ပြီး ဆေးကုခဲ့ရတယ်လို့ ကြားတယ်” ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား Guerrilla Warfare K. P. K နှင့် မဟာမိတ်များဖြစ်ကြသော T. S. R၊ M. D. F Taze Tiger ၊ P. L. A နှင့် တိုက်နယ်(ပ.က.ဖ) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
တန့်ဆည်တွင် စစ်ကောင်စီတပ်က နယ်ခံပျူစောထီးများနှင့်ပူးပေါင်းကာ ကျေးရွာများအား စစ်ကြောင်းထိုးခြင်း၊ မီးရှိို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။
