စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ဆောင်ရွက်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိဟု ဖော်ပြ
စစ်ကောင်စီလက်ပါးစေ PNO/PNAက တော်လှန်ရေးအင်အားစုများကို ပြန်လည်စွပ်စွဲ
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသ နမ်းနိန်းရွာဘုန်းကြီးကျောင်းအတွင်း စစ်ဘေးရှောင် ရဟန်းရှင်လူ ပအိုဝ်းပြည်သူများအား အကြမ်းဖက်စစ်ကောင်စီမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ထုတ်ပြန်ကြေညာသည်။
မတ်လ ၁၃ရက်တွင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC၏ အရေးပေါ် အစည်းအဝေး ကျင်းပကာ ထိုင်းနိုင်ငံရောက် ပအိုဝ်းအင်အားစု ၊မလေးရှားနိုင်ငံရောက် ပအိုဝ်းအင်အားစု၊ စင်္ကာပူနိုင်ငံရောက် ပအိုဝ်းအင်အားစု၊တောင်ကိုးရီးယားနိုင်ငံရောက် ပအိုဝ်းအင်အားစု၊ ဂျပန်နိုင်ငံရောက် ပအိုဝ်းအင်အားစု၊ သြစတေးလျားနိုင်ငံရောက် ပအိုဝ်းအင်အားစု၊ Karenni Youth Association – KYA၊ မလေးရှားရောက် ကရင်နီအင်အားစု၊NLD OC မလေးရှား၊ မလေးရှားရောက်ကရင်လူငယ်များစသည့် အဖွဲ့များ၏ သဘောထား ရယူပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
နမ်းနိန်းရွာ ဘုန်းကြီးကျောင်း၌ ပုန်းအောင်းနေသည့် သံဃာတော် သုံးပါး ၊ အမျိုးသမီး တစ်ဦး၊ အမျိုးသား ၁၈ဦးတို့အား ပုန်းအောင်းနေရာမှ ခေါ်ထုတ်ဖမ်းဆီးပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုကြောင့် စစ်ရာဇဝတ်မှုမြောက်ကြောင်း တွေ့ရှိရသည်ဟု PNFCက ထုတ်ပြန်သည်။
ထို့ပြင် ပအိုဝ်းနှင့် ကရင်နီ ပြည်သူများအကြား အမုန်းတရား ကြီးထွားလာစေရန် လုပ်ကြံ ဖန်တီးကာ လူမျိုးရေးပဋိပက္ခ နှင့် ဘာသာရေးပဋိပက္ခ များ ဖြစ်စေရေး ရည်ရွယ်ချက်ရှိ သွေးထိုးလှုံ့ဆော်သပ်လျှို ဖြိုခွဲနေသော အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ရပ်အားပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း PNFC ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
စစ်ကောင်စီတပ်သည် ကရင်နီ ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ကချင်ပြည်နယ် အနန့်ပါဒေသ၊ စစ်ကိုင်းတိုင်း လက်ယက်ကုန်းဒေသ၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းရှိ အပြစ်မဲ့ကလေးငယ် များနှင့် လက်နက်မဲ့ အရပ်သားပြည်သူများအား လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်ခြင်း၊ ခေါင်းဖြတ် သတ်ခြင်းစသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများစွာ နေ့စဉ် ကျုးလွန်နေလျက်ရှိကြောင်း အသိပေးခဲ့ပြီး ပြည်သူတစ်ရပ်လုံး လိုလားသည့် စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ထူထောင်ရန်အတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို ဦးတည်သည့် တော်လှန်ရေးဆင်နွှဲရုံမှ တစ်ပါးအခြားနည်းလမ်းမရှိသည်ကို လေးနက်စွာ တင်ပြလိုကြောင်း PNFCက ထုတ်ပြန်သည်။
စစ်ကောင်စီနှင့် အပေါင်းအပါများ၏ သွေးထိုးလှုံ့ဆော် လိမ်ညာဝါဒဖြန့်မှုများကို အထူးသတိထားရှောင်ရှားကြရန်လည်း PNFCက ပန်ကြားခဲ့သည်။
နွေဦးတော်လှန်ရေးတွင် PNFCနှင့် ပအိုဝ်းပြည်သူများသည် ကရင်နီပြည်သူများ အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုနှင့်အတူ ပူးပေါင်းတော်လှန်သွားမည်ဖြစ်ပြီး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရရှိရေးအတွက် စစ်ကောင်စီအားအပြစ်ပေး အရေးယူနိုင်ရေးကို အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမည်ဟု ကြေညာခဲ့သည်။
စစ်ကောင်စီလက်ပါးစေ PNO/PNA ပြည်သူစစ်ကလည်း မတ်လ ၁၄ရက်တွင် သဘောထား ထုတ်ပြန်ခဲ့ရာ နမ့်နိန်းရွာ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကို KNDF အပါအဝင် တော်လှန်ရေးအဖွဲ့များက လုပ်ဆောင်သည်ဟု လိမ်ညာဖော်ပြခဲ့သည်။
ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(PNDF-KK)ကမူ စစ်ကောင်စီက နမ့်နိန်းရွာခံများအား သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်အား မြေပြင်သက်သေအထောက် အထားများဖြင့် ထုတ်ပြန်ထားသည်။
