▪︎တပ်ရင်း၉ ရင်းဖြင့်ထိုးစစ်ဆင်လာပြီး ၊ဖယ်ခုံတွင်လည်းတိုက်ပွဲဖြစ်ပွားနေသလို ဒီးမော့ဆိုအနောက်ခြမ်းကိုလည်းထိုးစစ်ဆင်မည်ဟုသိရ
စစ်ကောင်စီတပ်၏ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်(စကခ-၂)မှတပ်ရင်းများက ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်သို့ထိုးစစ်စတင်လာသဖြင့်တိုက်ပွဲ ဖြစ်ပွားနေကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ဒီးမော့ဆိုမြို့ နယ်အရှေ့ဘက်ခြမ်း နန်းဟူးတွေ နှင့်ဒေါစဲကျေးရွာ အနီးတွင် စစ်တပ်ကအင်အား နှစ်ရာဝန်းကျင်ဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီးယနေ့ (မတ်လ ၁၀ ရက်) နံနက် ၆ နာရီခန့်ကစ၍ တိုက်ပွဲများစတင်ဖြစ်ပွားနေခြင်းဖြစ်သည်။

“ ဗျူဟာ ၃ ခု နဲ့ တပ်ရင်း ၉ ရင်းလောက်ပါလိမ့်မယ်။ အခု ဒီးမော့ဆို အရှေ့ဘက်ခြမ်းတိုက်ပွဲက မပြီးသေးဘူး။ချနေတုန်းပဲ။နောက် တစ်ခု က ဖယ်ခုံ ဘက်နေ လည်း စကစ ဘက်က စစ်ထိုးနေ လုပ်နေသလို ဒီးမော့ဆို အနောက်ဘက်ခြမ်းကိုလည်း တစ်ပြိုင်းတည်း ထိုး စစ် ဆင်လာမယ်လို့ သိထားရတယ်” ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ယမန်နေ့ (မတ်လ ၉ရက်)ကတည်းက ဒီးမောဆိုအခြေစိုက် ခလရ (၁၀၂)တပ်နှင့် အမြောက်တပ်အမတ (၃၆၀) တို့က ဒီးမော့ဆိုအရှေ့ခြမ်းအားတစ်နေကုန် လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်းသိရသည်။
“ တပ်မ(၇၇)လက်အောက်ခံရင်းက အင်အားတွေ မနေ့ကတည်းက စပြီး အမတ (၃၆၀)တပ်ကို ဝင်လာတယ်။ဒီနေ့ စစ်စထိုးနေတာပေါ့။မြေပြင်ကတော့ ဘာသတင်းမှ မသိရသေးဘူး” ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ရှင်းပြသည်။


ကရင်နီဒေသသို့ စစ်ကောင်စီတပ်ရင်း ၉ ရင်း အင်အားဖြည့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစ၍ သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ကလည်းမတ်လ ၄ရက်တွင် ကရင်နီပြည်သူလူထု ထံသို့ လုံခြုံရေးဆိုင်ရာ အသိပေး တိုက်တွန်းနိုးဆော်ချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ရာလက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် အချက်များကို ဖော်ပြခဲ့သည်။
ကရင်နီပြည်နယ်အတွင်း ယခုနှစ်လဆန်းပိုင်းမှစ၍ စစ်ရေးအရှိန်များ မြင့်တက်လာလျက်ရှိကြောင်း၊ အာ ဏာသိမ်းစစ်ကောင်စီမှ လက်နက်ကြီးများ၊ တိုက် လေ ယာဉ်များဖြင့် အရပ်သား ပြည်သူနေထိုင်ရာ ရွာများ ၊ စစ်ရှောင်စခန်းများအတွင်း နေ့စဉ်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်မှုများ ဗုံးကြဲခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း KSCCက ထုတ်ပြန်သည်။
သောက်သုံးရေ၊ ရိက္ခာခြောက်၊ ဆေးဝါး ၊ ဓာတ်မီး ၊ မီးခြစ်၊ ဓား၊ ဖုန်း ၊ ပါဝါဘန့်၊ အဝတ်အထည်၊ စောင်များ အရေးကြီးသော စာရွက်စာတမ်းများကို တစ် ပါတည်း ပြင်ဆင်ထားရန်လည်းအကြံပြုထားသည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်ရှိဆောင်းပြောင်းရွာစစ်တပ်ဂိတ်ကို ကရင်နီတပ်ပေါင်းစုကတိုက်ခိုက်ခဲ့သည်။ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်းနှင့်ကရင်နီပြည်နယ် နယ်စပ်တွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားပြီး စစ်သားနှင့် PNO/PNA တပ်ဘက်မှာ သုံးဆယ်ဝန်းကျင်သေဆုံးသလို စစ်အုပ်စု၏လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ပြီးစစ်တပ်အထိနာခဲ့ကြောင်း KNDF မှတာဝန်ရှိသူကပြောသည်။
(KNDF နှင့် ကရင်နီတပ်မတော်(KA)တပ်ဖွဲ့ဝင်များ။ ဒီးမော့ဆိုမြို့နယ်အနီးတစ်ဝိုက်နေရာပြ မြေပုံ။ဓါတ်ပုံ-KNDF၊KA )
