မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ချောင်းဆုံကျေးရွာတွင် စစ်ကောင်စီတပ်စွဲပြီး ရက်ပိုင်းအတွင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ရဲ နှစ်ဦးသေဆုံးကြောင်း မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်း Natogyi People Defence Force၏ တာဝန်ခံက ပြောသည်။
ယမန်နေ့ (မတ်လ ၆ ရက်)က မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ချောင်းဆုံကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်းနှင့်အတူ Myingyan District Drone Strike Team တို့ပူးပေါင်း၍ ဒရုန်းဖြင့်ဗုံး သုံးကြိမ်ချတိုက်ခိုက်ခဲ့ကြောင်း NPDF တာဝန်ခံက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ရဲ နှစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ၎င်းက ပြောသည်။
“ အဲရွာမှာ တပ်စွဲထားတာမကြာသေးဘူး။ သုံးရက်လောက်ပဲရှိသေးတယ်။ သူတို့က တောနင်းတဲ့အထဲမှာ ရဲတပ်သားတွေပါ ထည့်ပြီးတောနင်းနေတယ်လို့သတင်းရတယ်။ သေသွားတာကလည်း ရဲတပ်သားလို့အတွင်း သတင်းရတယ်” ဟု Natogyi People Defence Force၏ တာဝန်ခံက ပြောသည်။
စစ်ရေးအရှိန်မြင့်လာ၍ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် Natogyi People Defence Force က မေတ္တာရပ်ခံသည်။
ယမန်နေ့ ညနေ၅နာရီခန့်က မြင်းခြံ – ခမရ (၁၅)အဝင်ဂိတ် ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။
