ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီသင်တန်းဆင်း ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံလိုက်ရသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ဒေသခံခုနစ်ဦးကို စစ်ကောင်စီက မတရား ရိုက်နှက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှုဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၇ရက်)ည ၈နာရီခန့်တွင် ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေသော အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။
“ ပျူစောထီး အောင်နိုင်အသတ်ခံရတဲ့ ကိစ္စက စခ(စစ်ကောင်စီတပ်)တွေအတွက် နှာနုဖြတ်အရိုက်ခံရသလို နေမယ်။ သူတို့အခဲမကြေ လိုက်ဖမ်းနေတာ။ ညက မှော်ကားကြီးကွင်းကိုလည်း ဝင်မွှေတယ်။ ပြီးတော့ ရှုကောင်းသစ်လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေတဲ့သူတွေကို ဖမ်းသွားဆယ်။ ခုနစ်ယောက်တောင်” ဟု ဒေသခံတစ်ဦးက ပြောသည်။
အမျိုးသားခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့(မတ်လ ၈ရက်)နံနက်အထိ ပြန်မလွတ်လာသေးသလို မည်သည့်နေရာတွင်ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရသေးကြောင်း မှော်ဝမ်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်တွင် စစ်ကောင်စီတပ်က ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့တွင်ပါဝင်သလို ပျူစောထီးခေါင်းဆောင်တဦးလည်းဖြစ်သော အောင်နိုင်သည် မော်ဝမ်းရပ်ကွက်၊ ရွှေစည်းစိမ်လက်ဖက်ရည်ဆိုင်ရှေ့တွင် မတ်လ ၄ရက် ညနေ ၅ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်သည်။
