စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လက်နက်ကြီးတစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ပြောသည်။
ယမန်နေ့ (မတ်လ ၇ ရက်)က ဆားတောင်မြို့ရှိ စစ်ကောင်စီတပ်အား မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် (၈၀)မမ တစ်လုံးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၂ နာရီခန့်တွင် (၆၀) မမ လေးလုံး၊ (၈၀) မမ နှစ်လုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာ ရရှိကြောင်း တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ပြောသည်။
“ ဆားတောင်မှာအခြေချပြီး ဘေးနားကရွာတွေကို စစ်ကြောင်းထိုးနေတဲ့အဖွဲ့ပါ။ဗိုလ်မိုးကြိုးအဖွဲ့က သွေးအိုင်ထဲကနေ ဖိုတီးတလုံး ကောက်ယူရရှိခဲ့တယ်လို့လည်းသိရပါတယ်။” ဟု တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ဆိုသည်။
တိုက်နယ်စွန် PDF အဖွဲ့နှင့် မဟာမိတ်ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း၊ အဆိုပါစစ်ဆင်ရေးကို တိုက်နယ်စွန် PDF အဖွဲ့၊ ဗိုလ်မိုးကြိုး ၊ Zero Power ၊ MU ၊ မြင်းဖြူရှင် ၊ ဒီမိုပေါက်ကွဲ ၊ မော်ကွန်းသစ် PLA ၊ ပ.က.ဖ အဖွဲ့တို့နှင့် မဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
မတ်လ ၆ ရက် နံနက်ပိုင်းကလည်း မြင်းမူမြို့နယ်၊ လက္ကပင်ရွာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ တိုက်ခိုက်ရန် ဒေသတွင်းPDFများက စစ်ကူခေါ်သောကြောင့် တပ်စိတ်သုံးစိတ်စစ်ကူသွားရောက်ခဲ့ကြောင်း၊ ညနေ ၄ နာရီခန့်တွင် လက္ကပင်ကျေးရွာသို့ ရောက်ရှိခဲ့သော်လည်း စစ်ကောင်စီတပ်က ပြည်သူများအား ဓားစာခံ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ၍ တိုက်ခိုက်နိုင်ခြင်း မရှိကြောင်း တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ပြောသည်။
