မကွေးတိုင်းအောင်လံခရိုင်ဆင်ပေါင်ဝဲမြို့နယ်တွင်စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို ဖမ်းဆီးပြီးဓါးစာခံအဖြစ်အသုံးပြု၍ ပဲခူးရိုးမသို့စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက People’s Spring သတင်းဌာနသို့ ပြောသည်။
ဆင်ပေါင်ဝဲမြို့နယ် ကိုးပင် – သာဂရလမ်းပိုင်းရှိ ဘန်ကုန်းကျေးရွာဘက်တွင် စစ်တပ်အင်အား (၇၀) ကျော်၊ ဓနှုံးမြောင်ကျေးရွာဘက်တွင် အင်အား (၄၀)ကျော်၊ ကျင်းအုပ်စု ငါးရံ့ချောင်ကျေးရွာဘက်တွင် အင်အား (၁၀၀)ကျော်နှင့် ဂွေးထောက်စမ်းအုပ်စု ဝန်ကုန်းကျေးရွာဘက်တွင် အင်အား (၈၀)ဖြင့် စစ်ကြောင်းလေးကြောင်းခွဲကာ ပဲခူးရိုးမတောင်ခြေဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
“ ဓါးစာခံအဖြစ်အဖမ်းခံထားရတာဖြစ်နိုင်ပါတယ်။လွန်ခဲ့တဲ့သုံးရက်လောက်ကတည်းက အဲဒီဒေသမှာ အမျိုး သမီးတစ်းဦး၊ အမျိုးသားငါးဦး ဖမ်းဆီးခံထားရပါတယ်” ဟုစစ်ကြောင်းများတစ်လျှောက် ဒေသခံပြည်သူခြောက်ဦးဖမ်းဆီးခံရမှုအား ဒေသအခြေစိုက် တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။
အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းများသည်ယမန်နေ့ မတ် ၇ ရက်တွင် ပဲခူးရိုးမပေါ်သို့ ရောက်ရှိသွားပြီဖြစ်ပြီး စုစုပေါင်း အင်အား (၃၀၀)ဝန်းကျင်ဖြင့် သုံးနေရာခွဲ၍ တပ်ဖြန့်ထားသည်ကို ဒေသခံပြည်သူများထံမှတဆင့် စုံစမ်းသိရကြောင်း ၎င်းတော်လှန်ရေးရဲဘော်က ရှင်းပြည်သည်။
ဓါးစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောပြည်သူများတွင် ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးပါဝင်ပြီးယနေ့မတ် ၈ ရက်မနက်ပိုင်းအထိစစ်ကောင်စီတပ်က ပြန်လွှတ်ပေးခြင်း မရှိသေးပေ။
အလားတူ ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်ဘက်မှနေ မင်းလှ – မြို့ချောင်းရိုးမဖြတ်လမ်းအတိုင်း ပဲခူးရိုးမပေါ်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ‘ရိုးမ’က အသိပေးထားသည်။
ထိုသို့ ပဲခူးရိုးမပေါ်သို့ ရိုးမဖြတ်လမ်းအတိုင်း စစ်ကားသုံးစီးဖြင့် ဝင်ရောက်လာရာတွင် မတ် ၂ ရက်က မင်းလှ – မြို့ချောင်းလမ်းပေါ် ခါချဥ်တောင်အနီး စစ်ကားတစ်စီးတိမ်းမှောက်ကာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးသွားကြောင်း ‘ရိုးမ’တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
