မန္တလေးတိုင်း ၊တောင်သာမြို့နယ်ထဲက ရွှေပန်းထိမ်ဆိုင် တစ်ဆိုင် မနေ့က နေ့ခင်းပိုင်း ၂ နာရီဝန်းကျင် ဓားပြတိုက်ခံရပြီး ရွှေ ၁ ပိသာကျော်ပါသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ဓားပြတိုက်ခံရတဲ့ ရွှေပန်းထိမ်ဆိုင်ဟာ ဦးဆင့်ရွှေပန်းထိမ်ဖြစ်ပြီး တောင်သာမြို့နယ် ၊အမှတ် (၄) ရပ်ကွက် ၊ အရှေ့ဈေး တောင်ဘက်မှာရှိပါတယ်။
နေ့ခင်း ၂ နာရီဝန်းကျင်မှာ နှာခေါင်းစည်းတပ်ထားတဲ့ လူ ၄ဦး ရောက်လာပြီး ပစ္စတိုသေနတ် နဲ့ခြိမ်းခြောက်ကာ ဓားပြတိုက်သွားတာလို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထံကသိရပါတယ်။
ဆိုင်ဝန်ထမ်းတွေကို သေနတ်နဲ့ ချိန် ၊ဝမ်းလျားမှောက်ခိုင်းပြီး မှန်ကောင်တာရိုက်ခွဲ ကာ ရွှေထည်ပစ္စည်း ၁ ပိသာကျော်ကို လုယူသွားတာလို့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ထံက စုံစမ်းသိရပါတယ်။
မနေ့ မနက်ပိုင်းကလည်း မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ရွှေဆိုင်ခင်းဖို့ နေအိမ်ကနေ ထွက်လာတဲ့ မောသစ် ရွှေဆိုင်ပိုင်ရှင် ဟာအိမ်ရှေ့မှာတင် ဓားပြတိုက်ခံရပါသေးတယ်။
တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ တောင်သာမြို့မှာ ဓားပြတိုက်မှုမဖြစ်ခင် ညပိုင်းက မြင်းခြံ ပျုစောထီးခေါင်းဆောင်အမျိုးသမီးပါတဲ့ ပျုအင်အား ၂၀ ခန့်တောင်သာမြို့ပေါ်ကိုရောက်နေတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
