အိုးမဲ့အိမ်မဲ့ပြည်သူ တစ်သောင်းခွဲကျော်ရှိလာ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ ခြောက်ရွာရှိ နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ပြည်သူ တစ်သောင်းခွဲကျော်ရှိလာကြောင်းခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် တစ်ပတ်အတွင်းကျေးရွာ၁၀ရွာထက် မနည်းစစ်ကြောင်းထိုးခဲ့သည်။
ထို့နောက် သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည် အစရှိသည့် ကျေးရွာ ခြောက်ရွာမှ အိမ်ခြေ ၅၀၀ကျော်အား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ ရက်)တွင်လည်း စစ်ကောင်စီတပ်က ချောင်းဆုံကျေးရွာ နေအိမ်များအားမီးတင်ရှို့၍ ပြည်သူပိုင်ပစ္စည်းများအား မကျီးတုံပျူရွာသို့ သယ်ယူသွားကြောင်း အထက်ပါအဖွဲ့က ပြောသည်။
“မနေ့ညက ချောင်းဆုံကျေးရွာမှာညအိပ်ပြီး အနီးဝန်းကျင်က တောထဲတဲတွေနဲ့ ကိုင်းတောတွေကို မီးရှို့ခဲ့လို့ ညပိုင်းအထိ မီးတောက်တွေမငြိမ်းဘူး။ ခင်ဦးမြို့ပေါ်ကနေလည်း ချောင်းဆုံ ကျေးရွာထဲကို ကား ငါးစီးဝင်သွားတယ်။”ဟု ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် လူနေအိမ်များအပြင် စစ်ရှောင်ယာယီတဲများ၊ စပါးတင်းရေထောင်ချီနှင့် ဆန်စက်များအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့မီးရှိုဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာပေါင်း(၆၆)ရွာက နေအိမ်ပေါင်း ၄,၀၀၀ကျော် ပြာကျပျက်စီးခဲ့၍ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း တစ်သောင်းခွဲကျော် ရှိနေပြီဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။
