စစ်ကောင်စီတပ် အထိနာ၍ လေကြောင်းပစ်ကူ ၂ရက်ဆက်လာဟု ဒေသခံပြော
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နှင့် မူဆယ်မြို့အကြားရှိ နားဖိုင်ရွာအနီး၌ ယနေ့ (ဖေဖော်ဝါရီ ၁၅ရက်)တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ရှမ်းမြောက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
KIAတပ်ရင်း(၉)နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာ၍ လွန်ခဲ့သည့် သုံးရက်ကတည်းက တိုက်ပွဲနေ့စဉ်ဖြစ်ပွားခဲ့ဟု KIA ဘက်က အတည်ပြုထားသည်။
“ဒီကနေလက်နက်ကြီးကတော့ မိုးလင်းကတည်း က ထုနေတယ်။ ခုဏကတောင် ဒုန်းကနည်း အသံတစ်ချက်ကြားလိုက်သေးတယ်။ မနက်ကလည်း လေယာဉ်လာသွားသေးတယ်။ အထိအခိုက်ရှိလိုပဲပစ်ကူပေးတာဖြစ်မယ်”ဟု ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နမ့်ဖက်ကာ အခြေစိုက် စစ်ကောင်စီတပ်များမှလည်း လက်နက်ကြီး ပစ်ကူများပေးနေကြောင်း ဒေသခံက ပြောသည်။
“ဒါတွေမဖြစ်ခင်ရှေ့နေကဆို တစ်လမ်းလုံးအပြည့်။ လမ်းပေါ်မှာ လျှောက်သွားနေတာ။ ၉၉ အဖွဲ့(စစ်ကောင်စီတပ်)တွေက အများကြီးပဲ တစ်လမ်းလုံး”ဟု ဒေသခံက တိုက်ပွဲမဖြစ်မီ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုအခြေနေကို ပြောပြသည်။
KIAနှင့် စစ်ကောင်စီတပ်တို့သည် ယခုလအတွင်း၌ပင် ကချင်ပြည်နယ် မံစီမြို့နယ်၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကသေဆုံးထိခိုက်များခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားသည်။
ဓာတ်ပုံ-CJ
