မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက်အစစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မသန်စွမ်းတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁၅ ရက်)နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ဆိပ်ဖြူမြို့နယ် တောင်ရွာမသို့ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် တောင်ရွာနေ မသန်စွမ်းသူ အသက်(၄၀)အရွယ် ဒေါ်ရင်ရင်မှာ ကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း We Love Seik Phyu Groupက ပြောသည်။
ထို့အပြင် ၎င်းတို့၏ပစ်ခတ်သံများကြောင့် အသက်(၅၀)ခန့်ရှိ အမျိုးသမီးတစ်ဦးလည်း လန့်၍ သေဆုံးခဲ့ပြီး နွားများလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း We Love Seik Phyu Groupက ပြောသည်။
စစ်ကောင်စီတပ်က ကျေးရွာရှိ ကလေး သုံးဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် တောင်ရွာမ ဘုန်းကြီးကျောင်း၌ ရောက်ရှိနေပြီး ပခုက္ကူမြို့နယ်ဘက်မှထွက်လာသည့် စစ်ကြောင်းတစ်ကြောင်းသည်လည်း မြောက်ဘက်ရှိ ရှားဒူးရွာအနီးရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
“ရွာတွေ တော်တော်များများ ပြေးနေရတယ်။ PDF တစ်ဦးလည်း ကျတယ်လို့ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ကပင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေကျေးရွာနှင့် ဘဲကျရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ဘဲကျရွာမှ ပြည်သူနှစ်ဦး လက်နက်ကြီးကျည်အပိုင်းအစများထိမှန် ဒဏ်ရာရခဲ့သည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၄ရက်)က ဆိပ်ဖြူမြို့နယ်၊ ပုသိမ် – မုံရွာလမ်းမကြီးဘေးရှိ ရွာသာကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ရွာသာကုန်း၊ ကျစ်ပြင်၊ သက္ကယ်ကျင်းနှင့် ထွန်ကျေးရွာများက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။
