စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မီးပတ်ရှို့နေသော စစ်ကောင်စီတပ်ကို တိုက်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာများရှိကြောင်း FIRE Dragon(KU)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဖေဖော်ဝါရီ ၃၀ရက် နံနက် ၇နာရီခွဲခန့်က ခင်ဦးမြို့နယ်၊ ဗျိုင်းကြိုင်ကျေးရွာတွင် ညအိပ်ခဲ့သောစစ်ကောင်စီတပ်သည် ရုံးစုကျေးရွာ မီးရှို့၍ ညောင်ပင်ကြီးစုရွာအား လယ်ကြားလမ်းအတိုင်းထွတ်လာချိန်တွင် တိုက်မိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း FIRE Dragon(KU)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာအများအပြားရရှိသွားသည်ဟု ၎င်းတာဝန်ခံက ဆိုသည်။
“အင်အားတစ်ရာကျော်ပါတဲ့ ခြေလျင်စစ်ကြောင်းပါ။ ရုံးစုရွာကနေထွက်လာပြီး လယ်ကြားလမ်းမှာ ကျွန်တော်တို့အဖွဲ့တိုက်မိုင်းသုံးလုံးထောင်ထားတာမိပါတယ်။ ညောင်ပင်ကြီးစုကထိတဲ့မိုင်းမို့ ညောင်ပင်ကြီးစုမှာတင် ဆေးကုသတာတွေ လုပ်သွားတယ်။”ဟု FIRE Dragon(KU) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးစု မီးရှို့ပြီး ရေဦးမြို့ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ညောင်ပင်ကြီးစု အိမ်ခြေ ၂၀၀ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူများအတွက်အဝတ်အစားနှင့် စောင်များလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
