စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး တိရိစ္ဆာန်နှင့် လူနေအိမ်များပါ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်) ညပိုင်းက စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရေဦးမြို့နယ်၊ မုံတိုင်ပင်အုပ်စု၊ ဇီးကန်ရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နွားခြောက်ကောင်သေဆုံးပြီး လူနေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပကဖ(ရေဦး)က သတင်းထုတ်ပြန်သည်။


“ရေဦး၊ ကြာပန်းညိုရွာဘက်ကနေ လက်နက်ကြီးနဲ့ ထုတာလို့ကြားတယ်။ ရွာအပြင်ဘက်မှာလည်း လက်နက်ကြီးတစ်လုံး ထပ်ကျပြီး ပေါက်ကွဲခဲ့တယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ရေဦး (ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ယမန်နေ့ မွန်းလွဲပိုင်းက ရေဦးမြို့ပေါ်မှထွက်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သေးသည်။
