▪︎PDF တပ်ရင်း ၃၀၀ ကျော်နှင့် KNDF၊ CDF တပ်ရင်း ၈၀ ကျော်ရှိပြီး မြို့နယ် ၂၆၀တွင် ပကဖများ ဖွဲ့စည်းထားပြီးဖြစ်ဟု အသိပေး
ပြည်သူ့ ခုခံတွန်းလှန်စစ်ဆင်နွှဲမှု ၂နှစ်နီးပါး ရှိချိန်၌ ဒေသတိုင်း၌ ထိုက်သင့်သည့် အင်အားများ ရှိနေပြီဖြစ်ပြီး ဒေသတစ်ခုနှင့် တစ်ခု စစ်ရေးဆောင်ရွက်ချက်များ ဟန်ချက်ညီ ဗျူဟာမြောက် ရန် များစွာ အရေးကြီးကြောင်းနှင့် ဟန်ချက်ညီ တချီတည်း ရုန်းနိုင်ရန်ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။
ဖေဖော်ဝါရီ ၅ရက်က ကျင်းပသည့် ပြည်သူ့ ခုခံတော်လှန်စစ် မေးကြမယ် ဖြေကြမယ် အစီအစဉ် ၌ ဝန်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အားကောင်းတဲ့ဒေသတွေမှာ ပိုပြီး အားကောင်းလာဖို့ကျနော်တို့ ရဲ့ ကိုယ်ပိုင်နယ်မြေများအဖြစ် ပီပီသသ ပြောနိုင်တဲ့ စိုးမိုးထိန်းချုပ်မှုကို ဖော်ဆောင်ဖို့ ဒီအတွက် အရေးကြီးတဲ့ ပြင်ဆင်မှုတွေ အကောင်အထည်ဖို့ရှိနေတယ်။ တချိန်တည်းမှာ အားနည်းနေသေးတဲ့ ဒေသတွေမှာလည်း အားဖြည့်ပြီးတော့မှ ဟန်ချက်ညီ ပါဝင်ဆောင်ရွက်လာနိုင်ဖို့ ဒါကိုလည်း တစ်ဖက်က ဆောင်ရွက်နေတာဖြစ်တယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
လက်နက်တပ်ဆင်မှု အပိုင်းတွင်လည်း မဟာဗျူဟာမြောက် တပ်ဖြန့်မှု နှင့် ဆက်စပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။အင်အား တည်ဆောက်ပြီး၊ တပ်ဖြန့်နေရာယူပြီး ပါက ဒေသတိုင်း၌ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
“မကြာခင်မှာ ကျနော်တို့ တော်လှန်ရေးဟာ ပိုပြီး ကွက်ပြည့်လာလိမ့်မယ်။ တော်လှန်ရေး ခုခံ တွန်းလှန်မှု အားနည်းနေသေးတဲ့ ဒေသတွေမှာလည်း မကြာခင်မှာ စစ်မျက်နှာသစ်တွေ ပွင့်လာဖို့ရှိပါတယ်။ တချိန်တည်းတပြိုင်တည်း တချီတည်း ရုန်းနိုင်ဖို့ ညှိနှိုင်းပြင်ဆင်မှု ဆောင်ရွက်ပြီးဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က အသိပေးသည်။
” MOD အနေနဲ့ အမှန်တကယ်က်စစ်ရှိန်မြှင့်စေချင်ပါပြီ။စစ်ဖြစ်လာရင် ပြည်သူတွေအခက်အခဲရှိမှာမှန်ပေမယ့် တော်လှန်ရေးအမြန်ပြီးပြတ်ဖို့လိုပါတယ်။ဒေသကာကွယ်ရေးအဖွဲ့တွေလည်း ရှိနေပါတယ်။ ချိတ်ဆက်ပြီး ကူညီပေးဖို့လည်းလိုပါတယ်”ဟုဧရာဝတီတိုင်း၊ ဓနုဖြူမြို့ခံတစ်ဦးကပြောသည်။
ဧရာဝတီတိုင်းမှ CDM ပညာရေးဝန်ထမ်းတစ်ဦးကလည်း” ဧရာဝတီတိုင်းဟာ တော်လှန်ရေးအားမကောင်းပါဘူး။ ဒါပေမယ့် တော်လှန်ချင်တဲ့ လူထုလည်း ရှိနေပါတယ်။ ကျမတို့တွေ အညာကို စာနာဖို့လိုပါတယ်။ ဒုက္ခကို အတူမျှဝေခံစားဖို့လည်း ဆန္ဒရှိပါတယ်။ NUG/MODအနေနဲ့ စစ်ရေးအရှိန်မြှင့်မယ်ဆိုတကိုကျွန်မတို့မျှော်လင့်နေတာကြာပါပြီ”ဟုပြောသည်။
ဝန်ကြီး၏ ပြောကြားချက်နှင့်ပတ်သက်ပြီး မကွေးတိုင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “အဲဒါက ဘယ်လိုဖွင့်မှာလဲ။ လူထုခုခံစစ်အနေနဲ့လား။ လူထုခုခံစစ် အနေနဲ့ကတော့ ဒီကိစ္စတွေက တောမီးလောင်သလိုပဲ ပြန့်နေတာ။ ပြန့်နေတယ်ဆိုတော့ လူထုက သူ့ဟာသူ လက်နက်ကိုင်ပြီး သူ့ဟာသူ တော်လှန်တဲ့အနေအထားဖြစ်နေတာပေါ့။ ဖြစ်နေတော့ စစ်ရေးအရ မလှုပ်ရှားသေးတဲ့ မြို့နယ်တွေလည်း လူထုခုခံစစ်အရ သူ့ဟာသူ လုပ်ကြမယ့်သဘောရှိတယ်။ သို့ပေမယ့် MOD ရဲ့ အစိုးရ တစ်ရပ်ရဲ့ ချမှတ်တဲ့ မူဝါဒနဲ့ စစ်ရေးလှုပ်ရှားမှာလား ဆိုတာ မေးစရာတော့ရှိတယ်။ အဲဒါက သူတို့ရဲ့ အစီအစဉ်နဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဖော်ဆောင်မှာလား။ ဒါမှမဟုတ် လူထုဖော်ဆောင်တဲ့ဟာမျိုးလား အဲဒါမျိုးကတော့ ကွဲကွဲပြားပြားတော့ ဝန်ကြီးကိုယ်တိုင်ပဲသိလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။
ဧရာဝတီတိုင်းဇလွန်မြို့ဒေသခံတစ်ဦးကလည်း “ပြောတဲ့အတိုင်းတကယ်ဖြစ်လာမှာလား။ ပြောသလောက် လွယ်မှာလား။ တော်လှန်ရေးအောင်ဖို့အတွက်ကတော့ အမြန်ဆုံးချစေချင်ပြီ။ ဒါ ကျွန်မတို့ ပြည်သူတွေရဲ့ သဘောထားပဲ”ဟုပြောသည်။
လက်ရှိတွင် PDF အနေဖြင့် တပ်ရင်းပေါင်း ၃၀၃ ရင်းရှိကြောင် ဝန်ကြီး ဦးရည်မွန်က ပြောသည်။
“ဒီအထဲမှာ KNDFတို့ CDFတို့ မပါသေးဘူး။ KNDF ဆိုရင် ကရင်နီပြည်နယ်မှာ အခြေပြုတယ်။ KNDF အနေနဲ့ကို အခုအချိန်မှာ တပ်ရင်းပေါင်း ၂၃ရင်း ဖွဲ့စည်းထူထောင်ပြီးဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
အလားတူ ချင်းတောင်ရှိ ချင်းကာကွယ်ရေးတပ် CDF တပ်ရင်း တပ်ဖွဲ့ပေါင်း ၆၀ ခန့်ရှိသည်ဟု သိရကြောင်း ဝန်ကြီးဦးရည်မွန်က ပြောသည်။
“လက်တွေ့လည်း မြေပြင်မှာ လက်တွဲပြီး တိုက်ပွဲဝင်နေကြတဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ပကဖ အနေနဲ့ မြို့နယ်ပေါင်း ၂၆၀ မှာဖွဲ့စည်းထူထောင်ပြီးဖြစ်တယ်”ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။
နှစ်နှစ်တာကာလအတွင်း အရေးကြီးသည့် ဖြစ်ပေးတိုးတက်မှု ၂ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ထူထောင်နိုင်ခဲ့ခြင်း၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်အကြား ဘုံရန်သူဖြစ်သည့်စစ်ကောင်စီကို တိုက်ခိုက်ရန်လက်တွဲကြိုးပမ်းနေသည့် အခြေအနေတို့ ဖြစ်ကြောင်း ဝန်ကြီးက ပြောပြသည်။
