စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၌ စစ်ရှောင်အမျိုးသမီးနှစ်ဦး မြွေပွေးကိုက်ခံရ၍ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂ ရက်) ည ၁၂ နာရီခွဲခန့်က ကိုးတောင်ဘို့တိုက်နယ်အစပ် စစ်ရှောင်တဲ၌ နေထိုင်နေရသူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး နွားလှန်သွားစဥ် မြွေပွေးကိုက်ခံခဲ့ရခြင်းဖြစ်ကာ မြန်မာထုတ် BPI မြွေဆိပ်ဖြေဆေး ခြောက်လုံးနှင့် အိန္ဒိယမြွေဆိပ်ဖြေဆေး လေးလုံးအထိ ထိုးပေးထားရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
“စစ်ရှောင်တဲမှာ ကျွဲနွားစုရင်း ထိသွားတဲ့အနေအထားပါ။ ဆေးက ဆယ်လုံးထိုးပေးထားတယ်။ ၈၀ ရာခိုင်နှုန်းလောက်ကတော့ အောင်မြင်မယ်လို့ ပြောလို့ရလောက်တဲ့အနေအထားပါ။ မြွေကတော့ မြွေပွေးအမျိုးအစားပါ။ တော်တော်များများဖြစ်နေတယ်။”ဟု စစ်ရှောင်ကူညီနေသူ ကိုဂျောင်ဂီအွန်ကပြောသည်။
ထိုအပြင် ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်ကလည်း စစ်ရှောင်တဲတွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြွေပွေးကိုက်ခံရမှု ထပ်မံဖြစ်ပွားခဲ့သည်။ ၎င်းအမျိုးသမီးမှာ ကျပန်းအလုပ်လုပ်ကိုင်သူဖြစ်ပြီးကြံဖတ်လှန်နေစဉ် ကိုက်ခံရခြင်း ဖြစ်ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဧပြီလမှ ယနေ့အထိ ကန့်ဘလူနယ်တစ်ခုတည်းတွင် မြွေဆိုးကိုက်ခံရသူ ၄၇ ဦးအထိရှိပြီး အသက်မပြည့်သူကလေးတစ်ဦးနှင့် အခြား၂ ဦး အသက်ဆုံးပါးခဲ့ကြောင်း မြေပြင်တွင်စစ်ရှောင်ကူညီနေသူ ကိုဂျောင်ဂီအွန်က ပြောသည်။
စစ်ရှောင်များ မြွေဆိုးအန္တရာယ် ကြိုကာကွယ်နိုင်ရန် စွတ်ဖိနပ်များ၊ အခြေခံဆေးဝါးများ၊ BPIထုတ်နှင့် အိန္ဒိယထုတ် မြွေဆိပ်ဖြေဆေးများလိုအပ်နေပြီးကူညီပါဝင်မှုမျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။
