စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းတိုက်နယ်၊ ဇာဒီကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျုစောထီးများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kanbalu underground warriors အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇန်နဝါရီ ၁၉ ရက်) ညနေ ၃ နာရီခွဲခန့်က ဇာဒီကျေးရွာတွင် အထိုင်ချထားသော အင်အား(၂၀)ခန့်ရှိ စစ်ကောင်စီတပ်နှင့်ပျူများကို (၆၀) မမ နှစ်လုံး၊ (၁၂ဝ) မမ ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများရှိကြောင်း Kanbalu underground warriors အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ စစ်ဆင်ရေးကို ကန့်ဘလူမြို့နယ်(ပကဖ) ၊ MPF U-18၊မြေပြင်လှုပ်ရှားညီနောင်များ ၊ ဒေသခံLDFအဖွဲ့ နှင့် Kanbalu underground warriors မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Kanbalu underground warriors အဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
ထို့အပြင် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်လေး (အနောက်)ရွာနှင့် ယောကျေးရွာတို့ရှိ စစ်ကောင်စီတပ်များအား ဒေသတွင်း တော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ပျူဘက်က ရှစ်ဦးထက်မနည်း သေဆုံးကာ အပြင်းအထန် ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
