ချင်းပြည်နယ် ထန်တလန်မြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၃ရက်)နံနက် ၁၀နာရီခန့်တွင် ဒရုန်းဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အထိအခိုက်တော့ မသိနိုင်သေးဘူး။ ထိတာက ကင်းနဲ့ စားဖိုဆောင်ထိတယ်လို့ မြေပြင်ကနေ သတင်းပို့တယ်”ဟု ဆလိုင်းထက်နီက ပြော သည်။
အဆိုပါ ထန်တလန်မြို့တွင် CNF တပ်ဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့ ပူးပေါင်းစစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။
CNA နှင့် CDF ပူးပေါင်းတပ်သည် ဖေဖော်ဝါရီ ၁ရက်ကလည်း ထန်တလန်မြို့ရှိ CBဘဏ် အဆောက်အဦး၌ တပ်စွဲထားသည့် စစ်ကောင်စီ လက်အောက်ခံ တပ်နှင့် ရဲတို့ကို ဝင်ရောက်စီးနင်းခဲ့ရာ ဗိုလ်အပါအဝင် စစ်သား ၂ဦး၊ ရဲ ၄ဦးတို့ကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၇လက်ရရှိခဲ့သည်။
