▪︎PDFတွေက ရွှေပြည်အေးမြို့တိုက်ပွဲမှာMi-17စစ်ရဟတ်ယာဥ်ကိုပစ်ချ
ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့သစ်အနီးတိုက်ပွဲမှာဒီနေ့ ညနေ ၃နာရီ ၄၅ မိနစ်ခန့်အချိန်မှာPDFတွေက အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏Mi-17 ရဟတ်ယာဉ်တစ်စီးကို ပျက်ကျအောင်ပစ်ချနိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကစပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ရွှေပြည်အေး မြို့တိုက်ပွဲမှာ PDF တွေက မြို့ကိုထိန်းချုပ်နိုင်ပြီးနောက် စစ်တပ်က လေကြောင်း၊ရေကြောင်း၊ကြည်ကြောင်းအသုံးပြုအင်အားဖြည့်တင်းစစ်ကူလာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုးနှင့်မဟာမိတ်တပ်ပေါင်းစုတွေက ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

▪︎တံတိုင်းပဲခြားခြား၊ သံတိုင်ပဲခြားခြား အာဏာရှင်ကို အတူတိုက်ပွဲဝင်မယ်လို့ ထောင်တွင်းမှနိုင်ကျဥ်းများ သတင်းစကားပါး
တံတိုင်းပဲခြားခြား၊ သံတိုင်ပဲခြားခြား စစ်အာဏာရှင်ကို အတူတိုက်ပွဲဝင်သွားမယ်လို့ အင်းစိန်ထောင်အပါအဝင် အကျဥ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဥ်းသားများက ပြည်သူလူထုထံ သတင်းစကားပါးပါတယ်။ စစ်အာဏာရှင်ကိုတော်လှန်ရင်း မတရားဖမ်းဆီးအကျဥ်းချခံထားရတဲ့ အကျဥ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဥ်းသားများက တော်လှန်ရေးကာလ နှစ်နှစ်ပြည့်မှာ ရဲဘော်ရဲဘက်တွေကတဆင့် ပြည်သူလူထုထံ သတင်းစကားပါးလိုက်တာပါ။ အကြောက်တရားနဲ့ခြောက်လည်း မကြောက်တရားနဲ့ တွန်းလှန်မှာဖြစ်ပြီး ဒီပွဲဟာ ပြည်သူ့အောင်ပွဲ၊ တို့အောင်ပွဲလို့ နိုင်ကျဥ်းတစ်ဦးက ပြောပါတယ်။

▪︎ရွှေပြည်အေးမြို့တိုက်ပွဲဆက်ဖြစ်နေ၊ စစ်ကောင်စီလေကြောင်းသုံး တုံ့ပြန်
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်များကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနဲ့ ရှမ်းနီ (SNA) တပ်စခန်းသုံးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းအကူရယူပြီး အင်အားအလုံးအရင်းနဲ့ တုံ့ပြန်တိုက်ခိုက်နေတယ်လို့ ခန္တီးဒေသခံက ပြောပါတယ်။ ရွှေပြည်အေးမြို့ကို PDFတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်တဲ့အခြေအနေမှာ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ မြေပြင်တို့မှ အင်အားအလုံးအရင်း သုံးကာ တိုက်ခိုက်ခဲ့လို့ မနေ့ကအထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ဒါပေမဲ့ ရွှေပြည်အေးမြို့ရဲ့ ၉၀ရာခိုင်နှုန်းကို လက်ရှိအချိန်ထိ PDFတွေ ထိန်းထားနိုင်ဆဲလို့ သိရပါတယ်။

▪︎စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပညာသင်ကြားနေတဲ့ ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး အဲဒီစစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ တိုက်နယ်စွန်(စွန်) PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟာ တံတားဦးကျေးရွာသို့ ဝင်ရောက်မွှေနှောက်ပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျူရှင်တက်နေတဲ့ (၆)နှစ်အရွယ် ကလေးငယ်တစ်ဦး ခါးမှာ ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်ကို တိုက်နယ်စွန်(စွန်) PDF အဖွဲ့က ပြန်လည်တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၅ ဦးထက်မနည်းရှိနိုင်ပြီး ဒဏ်ရာရသူများလည်း အများပြားရှိတယ်လို့ ပြန်ကြားရေးတာ၀န်ခံက ဆိုပါတယ်။

▪︎မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီမတရားသဖြင့် ထောင် ၂ နှစ်ထပ်ချ
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက မတရားသဖြင့် ထောင်ဒဏ် ၂ နှစ် ဒီနေ့ ထပ်ချလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။ အိုးဘိုထောင်တွင်း စစ်ကောင်စီဖွင့်ထားတဲ့ တရားရုံးက နိုင်ငံဘဏ္ဍာ အလွဲသုံးမှု ပုဒ်မ ၄၀၉ နဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့အတူ မန္တလေးစည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုပါ ထောင်ဒဏ် ၂ နှစ်စီချလိုက်တာဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင် နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာ အစောပိုင်းက ဆူပူအောင်လှုံဆော်မှုနဲ့ထောင်ဒဏ် ၂ နှစ်စီချခံရသူတွေဖြစ်ပါတယ်။
▪︎ရွှေဘိုနယ် သရက်ပင်ဝန်းရွာ စစ်ကောင်စီတပ်မီးရှို့ပြီး လက်ဝတ်ရတနာများပါ လုယူသွား
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ သရက်ပင်ဝန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် နှစ်ရက်ဆက်မီးလောင်ကျွမ်းကာ အိမ်ခြေ ၅၀ ကျော်ပြာကျခဲ့ပြီး နေအိမ်အချို့မှ လက်ဝတ်ရတနာများပါ လုယူသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အင်အား၂၀၀ ခန့်ရှိတဲ့ စစ်ကြောင်း သုံးခုနဲ့ သရက်ပင်ဝန်းကျေးရွာကို ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းကတည်းက ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်အထိ မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၅၃ လုံး ပြာကျခဲ့ကြောင်း Shwebo Local PDFအဖွဲ့ တာဝန်ခံက ပြောပါတယ်။ အဲဒီ စစ်ကောင်စီတပ်ကို Shwebo LPDFအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်ဒဏ်ရာများရရှိသွားတယ်လို့ သိရပါတယ်။
▪︎ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီးနှစ်ဦး မြွေပွေးကိုက်ခံရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်မှာ စစ်ရှောင်အမျိုးသမီးနှစ်ဦး မြွေပွေးကိုက်ခံရလို့ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ည သန်းခေါင်ကျော်က ကိုးတောင်ဘို့တိုက်နယ်အစပ် စစ်ရှောင်တဲမှာ နေထိုင်နေရသူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး နွားလှန်သွားစဥ် မြွေပွေးကိုက်ခံခဲ့ရခြင်းဖြစ်ကာ မြန်မာထုတ် BPI မြွေဆိပ်ဖြေဆေး ခြောက်လုံးနဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေး လေးလုံးအထိ ထိုးပေးထားရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ ဒီနေ့ နေ့ခင်းမှာလည်း စစ်ရှောင်တဲတွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြွေပွေးကိုက်ခံရမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သိရပါတယ်။

▪︎တော်လှန်မှုအားကောင်းတဲ့ မြို့နယ် ၃၇ ခုကို စစ်ကောင်စီ စစ်အုပ်ချုပ်ရေးကြေညာ
စစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်ပြီး အပြင်းထန်ဆုံးတော်လှန်နေကြတဲ့ စစ်ကိုင်းတိုင်းအပါအဝင် တော်လှန်ရေးအားကောင်းတဲ့ နိုင်ငံတဝှမ်းရှိ မြို့နယ် ၃၇ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။ အဲဒီမြို့နယ် ၃၇ မြို့နယ်ထဲမှာ စစ်ကိုင်းတိုင်းက ၁၁ မြို့ ၊ ချင်းပြည်နယ် ၇ မြို့ ၊ မကွေးတိုင်း ၅ မြို့ ၊ ပဲခူးတိုင်း ၅ မြို့ ၊ ကရင်နီပြည်နယ် ၄မြို့ ၊တနင်္သာရီတိုင်း ၂ မြို့ ၊ကရင်ပြည်နယ်က ၂ မြို့ နဲ့ မွန်ပြည်နယ် ၁ မြို့ တို့ပါဝင်တာတွေ့ရပါတယ်။ အဲဒီလို တရားမဝင်အာဏာလုစစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာချက်ဟာ တိုင်းပြည်ကို သူတို့ မထိန်းချုပ်နိုင်တာကို ဝန်ခံကြေညာတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေကသုံးသပ်ပါတယ်။
